အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူဟောင်း ဆန်တီ ကာဇိုလာ က မနေ့က ပြုလုပ်ခဲ့တဲ့ Daily Mail နဲ့ အင်တာဗျူးမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကနေ အနားယူ ဖြစ်ပါက အာဆင်နယ် အသင်းဆီ ပြန်လာချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ကာဇိုလာ ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ကစားသမား ဘဝကနေ အနားယူရမယ့် အခြေအနေနဲ့ ရင်ဆိုင် ခဲ့ရသူပါ ။ ကာဇိုလာ ဟာ ဖနောင့်ကြော နဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် အာဆင်နယ် အသင်းအတွက် တစ်ရာသီလုံး မကစားပေးနိုင်ခဲ့သလို နှစ်ရာသီအတွင်း ပွဲပေါင်း ၁၀၀ ကျော် လွဲချော် ခဲ့ပါတယ် ။
ဆန်တီ ကာဇိုလာ ဟာ ဆိုးရွား ပြင်းထန် လွန်းလှတဲ့ ဖနောင့်ကြော ဒဏ်ရာကြောင့် နှစ်နှစ် နီးပါး အနားယူ ခဲ့ရပြီးခွဲစိတ်မှုတွေလည်း အကြိမ်ကြိမ် ပြု လုပ် ခဲ့ ရ ပါ တယ် ။ အာဆင်ဝင်းဂါး အသင်းကနေ ထွက်ခွာ သွားပြီးနောက်ပိုင်း အမ်မရီ နည်းပြ ဖြစ်လာတဲ့ အချိန်မှာတော့ ကာဇိုလာ ဟာ အသင်းဟောင်း ဗီလာရီးရဲလ် အသင်းကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဒါပေမယ့် ကာဇိုလာ ဟာ ဒဏ်ရာ ပြဿနာတွေကနေ ရုန်းထ နိုင်ခဲ့ပြီး ဗီလာရီးရဲလ် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ စပိန် လက်ရွေးစင် အသင်းကြီးမှာပါ ပြန်လည် ရွေးချယ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ ကာဇိုလာ ဟာ ကာတာ ကလပ် Alsaad အသင်းကို ပြောင်းရွှေ့ သွားခဲ့ပြီး အခု အချိန်အထိ အဲ့ဒီမှာပဲ ဆက်လက် ကစားနေဆဲပါ ။
လက်ရှိ အချိန်မှာ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကာဇိုလာ ဟာ သိပ်မကြာတော့တဲ့ အချိန်မှာ ကစားသမား ဘဝ ကနေ အနားယူဖွယ် ရှိနေပါတယ် ။ ကာဇိုလာ က သူ့အနေနဲ့ ကစားသမား ဘဝကနေ အနားယူရင် အသင်းဟောင်း အာဆင်နယ် အသင်းဆီကို ပြန်သွားချင်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

” ဒါပေါ့ဗျာ ၊ အာဆင်နယ် အသင်းထံ ပြန်သွားချင်တာပေါ့ ၊ ကျွန်တော် အသင်းကို ဘယ်လို ကူညီပေးနိုင်မလဲပေါ့ ၊ နည်းပြ ရာထူး ဖြစ်ဖြစ် အားကစား ဒါရိုက်တာ ရာထူး ဖြစ်ဖြစ်ပေ့ါ ၊ ကျွန်တော် ကစားသမားဘဝ က အနားယူဖို့ စိတ်ကူးရတဲ့ အချိန်ကျ မီခေးလ် သို့မဟုတ် အသင်း က တာဝန်ရှိသူ တစ်ဦးဦး နဲ့ စကားပြောသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ကာဇိုလာ ဟာ အာဆင်နယ် အသင်းမှာ ပွဲပေါင်း ၁၈၀ ကျော် ကစား ပေးခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းနဲ့ အတူ အက်ဖ်အေ ဖလား နှစ်ကြိမ် ၊ ကွန်မြူ နဒီဒိုင်း နှစ်ကြိမ် ရယူနိုင်ခဲ့ပါတယ် ။






