ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ် (၂)ဦးထပ်မံခေါ်ယူရန်အတွက် အသင်း၏ စျေးကွက်တန်ကြေးမြင့် အဓိက ကစားသမားတစ်ဦးအား ရောင်းချ၍ငွေရှာသွားရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျာမန်ကွင်းလယ်လူ ဂွန်ဒိုဂန် (အလွတ်)၊ ဘီလ်ဘာအိုနောက်ခံလူ အီနီဂိုမာတီနက်ဇ် (အလွတ်)၊ စပိန်ကွင်းလယ်လူ ရိုမီအူ (ယူရို ၄ သန်း)နှင့် လာမည့် ၂၀၂၄ ခုနှစ်တွင်မှ အသင်းနှင့်စတင်ပူးပေါင်းမည့် ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာရိုကေး (ယူရိုသန်း ၃၀) တို့ (၄)ဦးကိုခေါ်ယူထားပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ် ယူရို (၃၅)သန်းသာ ကုန်ကျထားသော်လည်း အသင်း၏ ဘဏ္ဍာရေးကျပ်တည်းမှုများကြောင့် ကစားသမားသစ် ထပ်မံခေါ်ယူရန်အတွက် ငွေကြေးရှာဖွေရန်လိုအပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိအသင်းကစားသမားများထဲမှ စျေးကွက်တန်ကြေး အမြင့်ဆုံးကစားသမား (၂)ဦးဖြစ်သည့် ဒတ်ချ်ကွင်းလယ်လူ ဖရန်ကီဒီယွန်း (၂၆ နှစ်)နှင့် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာ (၂၆ နှစ်)တို့ (၂)ဦးထဲမှ တစ်ဦးအားရောင်းချသွားရန် စီစဉ်နေပြီး အနည်းဆုံး ယူရိုသန်း (၉၀)အထိရရှိ ရန်မျှော်လင့်ထားကြောင်းသိရသည်။
ဖရန်ကီဒီယွန်းသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကတည်းက ဘာစီလိုနာအသင်းမှထွက်ခွာရန် နီးစပ်ခဲ့သူဖြစ်ပြီး ကစားသမားကိုယ်တိုင်က အသင်းမှထွက်ခွာရန် ဆန္ဒမရှိသလို၊ ဘာစီလိုနာအသင်းအနေဖြင့် မျှော်မှန်းထားသည့်ပြောင်းရွှေ့ကြေးမရရှိခြင်းကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖရန်ကီဒီယွန်းအားခေါ်ယူရန်အတွက် ပြီးခဲ့သည့်ရာသီ ဖလား (၃)လုံးချန်ပီယံမန်စီးတီး အပါအဝင် ချယ်လ်ဆီး၊ မန်ယူအစရှိသည့်အင်္ဂလန်ကလပ်အသင်းများမှ စိတ်ဝင်စားနေပြီး ကစားသမားအနေဖြင့်လည်း ဘာစီလိုနာမှထွက်ခွာရပါက ပရီးမီးယားလိဂ်သို့သာ ပြောင်းရွှေ့လိုနေကြောင်းသိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် မန်စီးတီးအသင်းမှခေါ်ယူရန် စိတ်ဝင်စားနေသည့် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကိုလည်း အရောင်းစာရင်းတွင် ထည့်သွင်းထားပြီး အနည်းဆုံးယူရိုသန်း (၉၀)ဖြင့်ကမ်းလှမ်းရဖွယ်ရှိနေကြောင်းသိရသည်။
ရာဖင်ညာသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့က လိဒ်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရိုသန်း (၆၀)ဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံပွဲ (၅၀)ကစားရာတွင် ဂိုးပါဝင်ပတ်သက်မှု (၁၈)ကြိမ် (၁၀ ဂိုးသွင်း၊ ၈ ဂိုးဖန်တီး)ဖြင့် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။
စပိန်မီဒီယာများကဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေဖြင့် ယင်းကစားသမား (၂)ဦးထဲမှ တစ်ဦးအား မန်စီးတီးအသင်းထံရောင်းချရန် စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် မကြာမီအချိန်အတွင်း အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ်ရှိ ကြောင်းသိရသည်။
ဘာစီလိုနာနည်းပြ ဇာဗီသည် ကစားသမားရောင်းချရငွေများထဲမှ ညာနောက်ခံလူတစ်ဦးနှင့် ဖန်တီးနိုင်စွမ်းမြင့်မားသည့် ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူရန် ဆန္ဒရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း အသင်းဥက္ကဋ္ဌလာပေါ်တာနှင့် ဆွေးနွေးသွားဖွယ်ရှိကြောင်းသိရသည်။






