PSG အသင်း၏ ဘရာဇီးလ်လက်ရွေး စင်တိုက်စစ်ကစားသမား နေမာသည် ၂၀၁၃ ခုနှစ်တွင် ဆန်းတို့စ်အသင်းမှ ဘာစီလိုနာ အသင်းသို့ပြောင်းရွှေ့စဉ် ခြစားမှု၊ လိမ်လည်မှု စွဲချက်များအတွက် လာမည့်တစ်ပတ်တွင် တရားရင်ဆိုင်ရမည်ဖြစ်ပြီး တရားလိုကုမ္ပဏီ က ၎င်းင်းအား ထောင်ဒဏ်ငါးနှစ်ချမှတ်ရန် တောင်းဆိုထားကြောင်း သိရသည်။
တရားစွဲဆိုမှုကို ဘရာဇီးလ်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် DIS က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့တွင် ဘာစီလိုနာမြို့ ၌ စတင်ကြားနာစစ်ဆေးမည်ဖြစ်သည်။ DIS ကုမ္ပဏီသည် နေမာ အသက် ၁၇ နှစ်အရွယ် ဆန်းတို့စ်အသင်း၌ကစားစဉ်က ၎င်းင်း၏မူပိုင်ခွင့် ရာခိုင်နှုန်း ၄၀ ကို ယူရိုနှစ်သန်းဖြင့် ဝယ်ယူထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် နွေ ရာသီတွင် ဆန်းတို့စ်မှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့စဉ် နေမာ၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၅၇ ဒသမ ၁ သန်းဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ ပြောင်းရွှေ့ကြေးအနက်မှ ယူရိုသန်း ၄၀ ကို နေမာ၏မိသားစုက ရရှိခဲ့ပြီး ဆန်းတို့စ်အသင်းအား ပေးချေရသည့် ယူရို ၁၇ ဒသမ ၁ သန်း၏ ရာခိုင်နှုန်း ၄၀ ကို သာ DIS ကုမ္ပဏီက ရရှိခဲ့သည်။ သို့သော် ၎င်း၏ပြောင်းရွှေ့ကြေးမှာ စျေးကွက်တန်ဖိုးထက် များစွာလျော့နည်းပြီး နစ်နာမှုများရှိသဖြင့် DIS ကုမ္ပဏီက လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် တရားစွဲဆိုထား ခြင်းဖြစ်သည်။
တနင်္လာနေ့ပြုလုပ်မည့် ပထမဆုံး ကြား နာစစ်ဆေးမှုသို့ နေမာကိုယ်တိုင်လာရောက် ရမည်ဖြစ်ပြီး ၎င်း၏မိသားစုဝင်များ၊ ဘာစီ လိုနာအသင်း ဥက္ကဋ္ဌဟောင်းများဖြစ်သည့် ဆန်ဒရိုရိုဆဲလ်နှင့် ဘာတိုမူ၊ ဆန်းတို့စ်အသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ အိုဒီလီယိုရိုဒရီဂွက်စ် တို့လည်း ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

DIS ကုမ္ပဏီက နေမာအား ထောင်ဒဏ်ငါး နှစ်၊ ရိုဆဲလ်နှင့် ဘာတိုမူကို ထောင်ဒဏ်ချမှတ်ရန်အပြင် စွပ်စွဲခံရသူများဘက်မှ နစ်နာကြေး ယူရို ၁၄၉ သန်းပေးအပ်ရန် တောင်းဆိုထား ကြောင်း သိရသည်။ နေမာသည် ၂၀၁၇ ခုနှစ် ကလည်း အလားတူပြဿနာအတွက် စပိန် အစိုးရရှေ့နေများ၏ ထောင်ဒဏ်နှစ်နှစ်နှင့် ဒဏ်ကြေး ယူရို ၁၀ သန်းချမှတ်ရန် တောင်းဆို သည့် တရားစွဲဆိုမှု ရင်ဆိုင်ခဲ့ရဖူးပြီး စပိန်တရားရုံးချုပ်ထံ အယူခံဝင်သော်လည်း ရှုံးနိမ့်ခဲ့သည်။