ဗြိတိန်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်က မိမိအနေဖြင့် မန်ယူအသင်းကို ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အသင်းပိုင်ရှင် ဂလေဇာမိသားစု၏ ငြင်းဆန်ပယ်ချခြင်း ခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဒေါ်လာ (၁၀.၂) ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရက်ကလစ်ဖ်သည် ပြီးခဲ့သည့်နွေက မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ကို ဝယ်ယူရန် ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။
အောက်တိုဘာ (၁၁) ရက်က Financial Times နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ရက်ကလစ်ဖ်က မန်ယူအသင်းကို ဝယ်ယူရန် အသင်းပိုင်ရှင်များဖြစ်သည့် ဂလေဇာမိသားစုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

”ဂျိုယဲလ်(ဂလေဇာ)၊ အာဗရန် (ဂလေဇာ)တို့နဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ သူတို့က လူကောင်းတွေပါ။ မန်ယူအသင်းကို သူတို့ မရောင်းချင်ဘူး။ တကယ်လို့ ပြီးခဲ့တဲ့နွေမှာသာ သူတို့ရောင်းခဲ့မယ်ဆိုရင် ချယ်လ်ဆီးကို ဝယ်ယူဖို့ လုပ်ခဲ့သလိုမျိုး ကျွန် တော်တို့ မန်ယူအသင်းကို ဝယ်ယူဖို့ အစွမ်းကုန်ကြိုးစားခဲ့မှာပါ”ဟု ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
အမေရိကန်သူဌေးများဖြစ်သည့် ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်ပိုင်ဆိုင်ခဲ့သည်။
သို့သော် ဂလေဇာမိသားစုအနေဖြင့် မန်ယူအသင်းထံမှ ငွေကြေးရယူမှုများပြားခြင်းနှင့် အသင်းမှာအောင်မြင်မှုများနှင့်ဝေးကွာလာခြင်းကြောင့် ပရိသတ်များမှာ အသင်းကိုပြန်ရောင်းစေချင်နေကြကြောင်း သိရသည်။