Saturday, September 13, 2025
spot_img
spot_img

FA ဖလားမှ ထွက်ခဲ့ရခြင်းအတွက် လူထုတ်ပုံကို အာနယ်ဆလော့ ကာကွယ်ခဲ့

လီဗာပူးလ်အသင်း FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက် နည်းပြဖြစ်သူ အာနယ်ဆလော့က ၎င်း၏လူထုတ်ပုံကို ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် FA ဖလားပြိိုင်ပွဲ စတုတ္ထအဆင့်အဖြစ် ဖေဖော်ဝါရီ (၉)ရက်တွင် ချန်ပီယံရှစ်ပြိုင်ပွဲ ဇယားအောက်ဆုံးနေရာမှ ပလိုင်းမောက်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရာ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။

အာနယ်ဆလော့သည် ယင်းပွဲမတိုင်မီ စပါးအသင်းအား လေးဂိုးပြတ်အနိုင်ရသည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှ ပွဲထွက်စာရင်းကို (၁၀)ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဆာလာ၊ ဗန်ဒိုက်၊ ဂက်ပို စသည့်ကစားသမားများကို လူစာရင်းမှ ချန်လှပ်၍ အနားပေးခဲ့သည်။

ထို့ပြင် ပွဲထွက်စာရင်းတွင် အရန်ကစားသမားအများစုကိုသာ အသုံးပြုခဲ့သလို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်နေစဉ် စီနီယာကစားသမားအဖြစ် ဒါဝင်နူးနက်ဇ်ကိုသာ ထည့်သွင်းခဲ့ခြင်းအတွက် ၎င်း၏ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်မှုများရှိနေသည်။

Arnault defends decision to pull players out of FA Cup

သို့ဖြစ်ရာ အာနယ်ဆလော့က ”ကျွန်တော်တို့ လုပ်တဲ့အရာအများစုက အကြောင်းပြချက်တစ်ခုနဲ့ လုပ်တာပါ။ ကျွန်တော်တို့မှာ ကစားရမယ့်ပွဲတွေ အများကြီးရှိပါသေးတယ်။ ဒီနေ့ပွဲမှာ ကစားတဲ့သူတွေက Rhythm လိုအပ်နေပါတယ်။ လာမယ့်လတွေအတွက် သူတို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ရှုံးနိမ့်မှုက နာကျင်ရပါတယ်။ သူတို့ (ပလိုင်းမောက်အသင်း)က မယုံနိုင်လောက်အောင် ကြိုးစားခဲ့ပါတယ်။ အခွင့်အရေးကောင်း တစ်ကြိမ်၊ နှစ် ကြိမ်လောက် ရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် တွေးမိတာက အသင်းတစ်သင်းဟာ အရမ်းကြိုးစားပြီး သူတို့ကိုယ်သူတို့ ဘောလုံးထဲ နှစ်မြှုပ်ထားတယ်ဆိုရင် ကံနည်းနည်းကောင်းဖို့ ထိုက်တန်မှုရှိပါတယ်။ ဂိုးသမားကလည်း ကောင်းမွန်တဲ့ ကာကွယ်မှု တစ်ကြိမ်၊ နှစ်ကြိမ် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါအားလုံးကို ကျွန်တော်တို့ ခက်ခက်ခဲခဲဖန်တီးခဲ့ရတာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် ဂိုးရရန် မျှော်လင့်နိုင်သည့်သွင်းယူမှု (xG) (၀.၄၄)သာရှိပြီး အာနယ်ဆလော့လက်ထက် အနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သောကြောင့် ယခုရာသီ ဖလားလေးလုံးအနက် ဖလားတစ်လုံးမျှော်လင့်ချက် လက်လျှော့ခဲ့ရပြီဖြစ်သည်။

သို့သော် လီဗာပူးလ်အသင်းသည် ကျန်ပြိုင်ပွဲများတွင်မူ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

လိဂ်ဖလားပြိုင်ပွဲွဲ၌ ဗိုလ်စွဲရန် အလေးပေးမှု ၂း၅ ဖြင့် ရေပန်းစားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အလေးပေးမှု ၄း၁ ဖြင့်လည်းကောင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အလေးပေးမှု ၂း၉ ဖြင့်လည်းကောင်း ရေပန်းအစားဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments