Friday, March 13, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အာရုံမစိုက်နိုင်သေးကြောင်း ပြောကြားလာတဲ့ အကန်ဂျီ

မန်ချက်စတာစီးတီးနောက်ခံလူ မန်နူရယ်အကန်ဂျီက ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ပွဲအပြီးမှာ အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အာရုံမစိုက်နိုင်သေးကြောင်းနဲ့ လက်ရှိအခက်အခဲတွေကိုပဲ ကျော်လွှားနိုင်ဖို့ ကြိုးစားနေရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်ဆက်တိုက်ဆွတ်ခူးထားနိုင်တဲ့ မန်စီးတီးအနေနဲ့ ယခုရာသီမှာ ၅ ကြိမ်ဆက်တိုက် စံချိန်တင်ဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိအခြေအနေတွေအရ မဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေပြီး အဲဗာတန်လိုအသင်းကို အိမ်ကွင်းမှာ သရေကျကာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာသို့ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

ယခုသရေပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၁၄ မှတ်အထိကွာဟသွားခဲ့ပြီး ချန်ပီယံဖြစ်ဖို့အခွင့်အရေးကလည်း အတော်လေးဝေဝါးလာခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အကန်ဂျီက အသင်းဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ မဖြစ်နိုင်တော့ကြောင်းကိုဝန်ခံခဲ့ကာ လက်ရှိအခြေအနေတွေကိုပဲ ကျော်ဖြတ်နိုင်ဖို့ အာရံစိုက်နေရတယ်လို့ ဆိုပါတယ်။

Akanji admits he is not focused on winning the Premier League

ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ ဖြစ်နိုင်သေးလားလို့ မေးမြန်းခဲ့ရာ နောက်ခံလူက “ရာသီကုန်ဖို့ကလိုပါသေးတယ်။ ဒါပေမယ့် လောလောဆယ် ကျွန်တော်တို့ရဲ့အာရုံက ဆုဖလားအပေါ်မှာ မရှိသေးပါဘူး။ ပွဲစဉ်တိုင်းကို အာရံစိုက်နိုင်ဖို့ကြိုးစားနေပြီး လာမယ့်လက်စတာနဲ့ပွဲစဉ်ကလည်း အသင်းရဲ့လက်ရှိအခြေအနေအရဆို လွယ်ကူမှာမဟုတ်ပါဘူး။အပြုသဘောဆောင်တဲ့အချက်တွေအပေါ်မှာ အာရုံစိုက်နိုင်ဖို့လိုပါတယ်။ လောလောဆယ် အသင်းက တိုက်စစ်ကောင်းကောင်းကစားနိုင်သလို၊ ခံစစ်မှာလည်း ကောင်းကောင်းကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းတွေမှာ ညံ့ဖျင်းခဲ့ပြီး တကယ်ဆို ဒီနေ့ပွဲမှာ ၃-၄ ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ၂၀၂၄ ခုနှစ်မကုန်မီမှာ အဲဗာတန်နဲ့ လက်စတာတို့ကို အနိုင်ကစားပြီး အသင်းရဲ့ ကာလရှည်ရလဒ်ဆိုးဝါးမှုကို ရပ်တန့်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် ယခုအခါမှာတော့ အဲဗာတန်ကို သရေသာကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဒီဇင်ဘာ ၂၉ ရက်နေ့ လက်စတာနဲ့ပွဲစဉ်မှာတော့ သေချာပေါက်နိုင်ပွဲရရှိအောင်ကစားပြီး ၂၀၂၅ ခုနှစ်ကို အနိုင်ရလဒ်နဲ့ကြိုဆိုနိုင်ဖို့ ကြိုးစားသွားရတော့မှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments