အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေပန်းစားသည့်အသင်းများ အမြဲတမ်းဗိုလ်စွဲလေ့မရှိကြောင်း သုံးသပ်ခဲ့ပြီး လာမည့် ကာတာကမ္ဘာ့ဖလားမှာ မိမိအတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
“ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲပါ။ သေချာပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကစားရမယ့်ရက်ကို ကျွန်တော်ရေတွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိနေပါတယ်။ အခုအချိန်မှာ ဖြစ်ချင်တာကဘာလဲ။ ဘာတွေဖြစ်လာမှာလဲ။ နောက်ဆုံးမှာ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုပါ။ အဲဒါက ဘယ်လိုဖြစ်လာမှာလဲ” ဟု မက်ဆီက ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။
အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် မက်ဆီသည် ၂၀၀၅ ခုနှစ်တွင် အာဂျင် တီးနားလက်ရွေးစင်အဖြစ် စတင်ကစားခွင့်ရပြီး ၁၇ နှစ်အတွင်း ပြိုင်ပွဲစုံ ၁၆၄ ပွဲကစား၊ ဂိုး ၉၀ သွင်းယူပေးထားသည်။ ၎င်းသည် အာဂျင်တီးနား အသင်းအတွက် ပွဲအများဆုံးနှင့် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ် (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈) တွင် ၁၉ ပွဲကစား၊ ခြောက်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်ပေးထားသည်။

မက်ဆီအနေဖြင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ငါးကြိမ်မြောက်အဖြစ် ပါဝင်ခွင့်ရမည်ဖြစ်ရာ ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာနှင့် မာရှေရာနိုတို့ စံချိန်တင်ထားသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိမ်အများဆုံးကစားခွင့်ရသည့်စံချိန်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။ အာဂျင်တီးနားအသင်းအနေဖြင့် ၂၀၁၉ ကိုပါအမေရိကဖလားနောက်ပိုင်း ပြိုင်ပွဲစုံ ၃၅ ပွဲဆက် ရှုံးပွဲမရှိကစားထားသောကြောင့် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသော်လည်း မလွယ်ကူကြောင်း မက်ဆီက သုံးသပ်ခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ပွဲစဉ်အားလုံးက အရမ်းခက်ခဲပါတယ်။ ရေပန်းအစားဆုံးအသင်းတွေကလည်း အဆုံးသတ်မှာ အမြဲတမ်း အနိုင်ရလေ့မရှိပါဘူး။ ကျွန်တော်တို့က ရေပန်းစားတဲ့ အသင်းထဲမှာ ပါနေလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အာဂျင်တီးနားက စိန်ခေါ်သူစာရင်းမှာ အမြဲတမ်းပါဝင်လေ့ရှိပါတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ သမိုင်းအစဉ်အလာကြောင့်ပါ။ အခုဆိုရင် ကျွန်တော်တို့ သွားနေတဲ့ပုံစံကြောင့် ပိုပြီးတောင်များနေဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ရေပန်းစားတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့အထက်မှာ တခြားအသင်းတွေရှိနေသေးတယ်လို့ ထင်ပါတယ်” ဟု မက်ဆီက ပြောကြားခဲ့သည်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းက အလေးပေးမှု ၉/၂ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး လက်ရှိချန်ပီယံ ပြင်သစ်က ၅/၁၊ အာဂျင်တီးနားက ၇/၁၊ အင်္ဂလန်က ၁၃/၂ သတ်မှတ်ခံထားရသည်။