Tuesday, September 30, 2025
spot_img
spot_img

၂၀၂၂ ကမ္ဘာ့ဖလားသည် မိမိ၏ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမည်ဟု မက်ဆီ ဆိုခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှပါ အနားယူဖွယ်ရှိဟု သုံးသပ်နေကြ

PSG အသင်း၏ အာဂျင်တီးနား နာမည်ကျော်တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မိမိ၏ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမည်ဖြစ််ကြောင်း အတည်ပြုဝန်ခံခဲ့ကြောင်း သိရှိရသည်။

အသက် (၃၅)နှစ်အရွယ်ရှိပြီဖြစ်သည့် မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အသင်းသမိုင်းတွင် ပွဲအများဆုံးနှင့် သွင်းဂိုးအများဆုံးကစားသမားဆိုသည့် မှတ်တိုင်များကို စိုက်ထူထားသည့် ကစားသမားဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် အောင်မြင်မှုအနေဖြင့်မူ ကိုပါအမေရိကဖလားကိုသာ ရယူထားနိုင်သူဖြစ်သည်။

သူသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ကြိမ်တွင် အာဂျင်တီးနားအတွက် ကိုယ်စားပြုကစားခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိလည်း ပို့ဆောင်နိုင်ခဲ့ဖူးသည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ဖူးသော်လည်း အာဂျင်တီးနားအသင်းနှင့်အတူ အောင်မြင်မှု မရယူနိုင်သဖြင့် ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးပြီး လက်ရွေးစင်ကစားသမားဘဝကိုပါ စွန့် လွှတ်ရန် စီစဉ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ဆုံးဖြတ်ချက်ကို ပြန်ပြင်ကာ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးခဲ့ပြီးနောက် ယမန်နှစ်က ကိုပါအမေရိကဖလား အောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသည် မက်ဆီအတွက် (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားအောင်မြင်မှု မရယူနိုင်သေးသည့် မက်ဆီအတွက် နောက်ဆုံးကြိုးပမ်းမှု ဟုတ်၊ မဟုတ် မေးမြန်းခဲ့ရာ မက်ဆီက ”ဒီကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော့်အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ပါတယ်။ လုံးဝ သေချာပါတယ်။ ဒါဟာ ကျွန်တော် ဆုံးဖြတ်ချက်ချထားပြီးသားလည်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အနားယူမည်ဟု ဆိုခဲ့သော်လည်း ကိုပါအမေရိကပြိုင်ပွဲကို မကစားတော့ဟု မဆိုခဲ့သလို၊ လက်ရွေးစင်ကစားသမားဘဝမှ အနားယူမည်ဟုလည်း မဆိုခဲ့ချေ။

သို့ရာတွင် အာဂျင်တီးနားမီဒီယာများကမူ မက်ဆီသည် ယခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သူ၏ နောက်ဆုံးပြိုင်ပွဲဟု ဆိုခဲ့သလို လက်ရွေးစင်ကစားသမားဘဝကိုလည်း အဆုံးသတ်ဖွယ်ရှိနေသည်ဟု ဆိုခဲ့ကြသည်။

မက်ဆီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှလာသည့် သတင်းများကို ကိုးကားပြီး မက်ဆီသည် လက်ရွေးစင်ကစားသမားဘဝမှလည်း အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် အတည်ပြုနိုင်ခြင်းမရှိသေးသဖြင့် မကြေညာခြင်းသာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ကြေညာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments