Tuesday, September 30, 2025
spot_img
spot_img

ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၃) အကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၃)ကို ဒီနေ့ည ကစားမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ PSV နဲ့ကစားရမယ့် ပွဲစဉ်(၂)ကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ ကွယ်လွန်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရလို့ အခုမှ အုပ်စုဒုတိယမြောက်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ဘိုဒယ်ဂလင့်၊ မန်ယူအသင်းက အဝေးကွင်းမှာ အိုမိုးနီးယားနီကိုးရှားအသင်းနဲ့ ကစားရမှာဖြစ်ပြီး နှစ်သင်းစလုံး ရလဒ်ကောင်းမယ့် အနေအထားရှိပါတယ် . . .

အာဆင်နယ် နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အာဆင်နယ်အသင်းရဲ့ ဒီရာသီ Form က နောက်ထပ်အဆင့်တစ်ခုဆီ ရောက်ရှိနေပြီဆိုတာ သက်သေပြထားပါတယ်။ ဒီပွဲပြီးရင် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်လည်း ကစားရဖို့ရှိနေလို့ FC ဇူးရစ်နဲ့ကစားခဲ့တဲ့ပွဲကအတိုင်း နည်းပြ အာတီတာက အခုပွဲမှာ အရန်ကစားသမားအများစုပါတဲ့ လူစာရင်းကို ပွဲထုတ်ဦးမှာပါ။ နော်ဝေကလပ် ဘိုဒယ်ဂလင့်ကတော့ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းမှာ ရိုးမားလိုအသင်းကို ဂိုးဒါဇင်ဝက်သွင်းပြီးကတည်းက ပရိသတ်တွေ အတန်အသင့် သတိထားမိလာကြတယ်။ အာဆင်နယ်အသင်း အီမရိတ်စ်မှာ (၂)ဂိုးလောက်တော့ပြတ်မယ်ထင်တယ်။

အိုမိုးနီးယားနီကိုးရှား နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

ဒီအုပ်စုမှာ မန်ယူအသင်းအတွက် နောက်တစ်ဆင့်တက် ဖို့ ပူပန်စရာမလိုပါဘူး။ ဒါပေမဲ့ အုပ်စုအဖွင့်ပွဲမှာ ဆိုစီဒက်အသင်းကို အိမ်ကွင်းမှာပဲ အရေးနိမ့်ထားလို့ ဂုဏ်သိက္ခာအရ အုပ်စုပထမနေရာရရေးအတွက် လက်ကျန်ပွဲတိုင်းကို အနိုင်ကစားသွားဖို့ လိုအပ်နေတယ်။ ရှာရစ်ဖ်ကို အနိုင်ယူခဲ့တုန်းကလို မန်ယူအသင်း Line-up က အင်ပြည့်အားပြည့် ပွဲထွက်လာမယ်မထင်ဘူး။ ဆိုက်ပရပ်စ်ကလပ် အိုမိုးနီးယားနီကိုးရှားအသင်းကတော့ ဒီအုပ်စုမှာ အိမ်ဖြည့်အသင်းအဆင့်ထက် မပိုလောက်ပါဘူး။ အဝေးကွင်းမှာ မန်ယူအသင်း အနိမ့်ဆုံး (၂)ဂိုးလောက်ပြတ်လိမ့်မယ်။

ရိုးမား နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက ပြီးခဲ့တဲ့အုပ်စုပွဲတွေမှာတော့ အရန်ကစားသမားအများစုကို ဦးစားပေးပွဲထုတ်ကစားခဲ့တယ်။ ဒါပေမဲ့ အခုပွဲက အုပ်စုပထမနေရာအတွက် အရေးပါဆုံးဖြစ်နေလို့ အပြောင်းအလဲအနည်းငယ်လောက်ပဲ ပြုလုပ်မယ်ထင်တယ်။ သက်ဆိုင်ရာလိဂ်တွေမှာတော့ ရိုးမားရော ဘက်တစ်ပါ အခြေအနေကောင်းနေပါတယ်။ ရိုးမားနည်းပြ မော်ရင်ဟိုကတော့ လက်ရှိပုံစံအတိုင်းဆိုရင် ပြည်တွင်းနဲ့ ဥရောပ နှစ်ခုစလုံးကို အာရုံစိုက်မယ့်အနေအထားဖြစ်ပြီး ဘက်တစ်အသင်းထက်တောင် ပိုပြီးအလေးထားယှဉ်ပြိုင်နေတယ်လို့ ပြောလို့ရတယ်။ ဘက်တစ်အသင်းကလည်း ဒီရာသီ အဝေးကွင်းပွဲတွေမှာ ရီးယဲလ်မက်ဒရစ်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားလို့ ရိုးမားအဖို့တော့ အတော်လေးရုန်းကန်ရမယ့်အနေအထားပါပဲ။ ဒါပေမဲ့ ရောမမြေဖြစ်လို့ ရိုးမားအသင်းကိုပဲ ရွေးချယ်ချင်တယ်။

ဖရိုင်းဘတ် နှင့် နန့်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဖရိုင်းဘတ်အသင်းက ပြည်တွင်းနဲ့ ဥရောပ နှစ်ခုစလုံးမှာ ခြေစွာနေတယ်။ အခုရာသီ ပြိုင်ပွဲစုံ(၁၁)ပွဲ ကစားအပြီးမှာ (၁)ပွဲသာအရေးနိမ့်ကာ (၈)ပွဲအထိနိုင်ပြီး (၂)ပွဲသာ သရေကျခဲ့ပါတယ်။ နန့်စ်အသင်းကတော့ ပြင်သစ်လိဂ်မှာ ရုန်းကန်နေရတဲ့ အနေအထားကြောင့် ယူရိုပါလိဂ်ကို ဖိဖိစီးစီးကစားဖို့ အခက်အခဲရှိနိုင်တယ်။ ဖရိုင်းဘတ် အနိုင်သေချာပါတယ်။

စတမ်းဂရက်ဇ် နှင့် လာဇီယို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

အုပ်စု(F)က စိတ်ဝင်စားစရာကောင်းပြီး (၂)ပွဲကစားအပြီးမှာ (၄)သင်းစလုံး (၃)မှတ်စီ ရရှိထားတယ်။ လာဇီယိုအသင်းက ဥရောပအဝေးကွင်းတွေမှာ ယုံကြည်လို့ရတဲ့အသင်း မဟုတ်ပါဘူး။ လာဇီယို နိုင်ရင်တောင် ဂိုးမပြတ်လို့ အိမ်ရှင်နဲ့စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။

မိုနာကို နှင့် ထရတ်ဇွန်စပေါ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

နှစ်သင်းစလုံး (၃)မှတ်စီ ရရှိထားပြီး အခုပွဲက အုပ်စုတက်ရေးအတွက် အဆုံးအဖြတ်ပေးလိမ့်မယ်။ မိုနာကို ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

ရန်းစ် နှင့် ဒိုင်နမိုကိဗ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဒိုင်နမိုကိဗ်အသင်းက (၂)ပွဲစလုံး အရေးနိမ့်ထားပြီး မျှော်လင့်ချက် အတော်လေးနည်းလာတယ်။ ဒါပေမဲ့ ဒိုင်နမိုကိဗ် ဂိုးပြတ်တော့ မရှုံးလောက်ဘူး။

ရှာရစ်ဖ် နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

ဆိုစီဒက်အသင်းက မန်ယူနဲ့ အုပ်စုပထမနေရာ အပြိုင်ဖြစ်နေလို့ အမှတ်လျော့ခံလို့ မဖြစ်ပါဘူး။ ဆိုစီဒက် အနိုင်ကစားဖို့များတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments