Monday, September 29, 2025
spot_img
spot_img

အင်တာမီလန်အား ရှုံးနိမ့်သည့်ပွဲတွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်များမှာ တရားမျှတမှုမရှိကြောင်း ဇာဗီ စွပ်စွဲ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက အင်တာမီလန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်များမှာ တရားမျှတမှုမရှိကြောင်း စွပ်စွဲခဲ့ပြီး ယင်းအတွက် ကွင်းလယ်ဒိုင်အနေဖြင့် ဖြေရှင်းချက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ (၄)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အင်တာမီလန် (၁-ဝ) ဘာစီလိုနာပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ဆလိုဗေးနီးယားဒိုင်လူကြီး ဆလက်ဗ်ကိုဗန်ချစ်၏ ဆုံးဖြတ်ချက်များမှာ အငြင်းပွားစရာ ဖြစ်ခဲ့သည်။

၎င်းသည် ဘာစီလိုနာကွင်းလယ်ကစားသမား ပတ်ဒရီ၏ သွင်းဂိုးကို အန်ဆူဖာတီလက်နှင့်ထိ သည်ဟုဆိုပြီး VAR ကြည့်ကာ ပယ်ချခဲ့သော်လည်း ပွဲပြီးခါနီး၌ အင်တာမီလန်နောက်ခံလူ ဒမ်ဖရိုင်းစ်၏ ပယ်နယ်တီအတွင်း လက်နှင့်ထိခဲ့ခြင်းကိုမူ VAR မကြည့်ဘဲ ပယ်နယ်တီပေးရန် ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် ပွဲအပြီးတွင် ဒေါသထွက်နေသည့် ဘာစီလိုနာနည်းပြ ဇာဗီသည်ပွဲအတွင်း ဆုံးဖြတ်ချက်များအတွက် ဖြေရှင်းချက်ပေးရန် ကွင်းလယ်ဒိုင် ဆလက်ဗ်ကိုဗန်ချစ်ထံ သွားရောက်ပြီး တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ဇာဗီက “ကျွန်တော် မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်ရပါတယ်။ ဒါ(ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ)က တရားမျှတမှုမရှိလို့ ကျွန်တော်တို့ ချေပဂိုး မရခဲ့ပါဘူး။ ဒိုင်လူကြီးအနေနဲ့ (သူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး) ဖြေရှင်းချက် ပေးသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါတွေကို ပြောနေစရာ တောင်မလိုပါဘူး။ (ဒမ်းဖရိုင်းစ်ရဲ့) လက်ထိဘောက အရမ်းသိသာပါတယ်။ ကျွန်တော် အရမ်းဒေါသထွက်ရပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

စပိန်သတင်းစာ AS ကမူ ဘာစီလိုနာအသင်းသည် အင်တာမီလန်နှင့်ပွဲမှ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို ကျေနပ်ခြင်းမရှိသည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ထံ တိုင်ကြားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၃) အပြီး အုပ်စု(C)တွင် ဘိုင်ယန်မြူးနစ်က (၉)မှတ်၊ အင်တာမီလန်က (၆)မှတ်၊ ဘာစီလိုနာက (၃) မှတ်နှင့် ဗစ်တိုးရီးယားပယ်လ်ဇန်က အမှတ်မရှိသေးပေ။

ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီလက်ထက်တွင် လာလီဂါအဝေးကွင်း (၁၈) ပွဲဆက်အနိုင်ရပြီး စံချိန်သစ်တင်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင်မူ အဝေးကွင်း (၃) ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ထားကြောင်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments