Sunday, March 15, 2026
spot_img
spot_img

ချန်ပီယံလိဂ်ဖလား ရယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ဖွင့်ဟ

ရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ချန်ပီယံလိဂ်ဖလား ရယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ 

အသက် ၂၀ အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအ ပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို ၁၃၃ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ဘယ်လင်ဟမ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၄၁ ပွဲတွင် ၂၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ထားသည်။ 

ဘယ်လင်ဟမ်သည် ရီးယဲလ်မက်ဒရစ်ကစားသမားဘဝ ပထမဆုံးရာသီတွင် စပိန်စူပါဖလားနှင့် လာလီဂါချန်ပီယံဆုများကို ရယူထားသလို ၂၀၂၃-၂၄ ရာသီ လာလီဂါအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ထား ပြီး ယနေ့တွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

ဘယ်လင်ဟမ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်း၏အသင်းဟောင်း ဒေါ့မွန်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ရယူရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘယ်လင်ဟမ်က “ကျွန် တော့်အနေနဲ့ ဒီ(ရီးယဲလ်မက်ဒရစ်)အသင်းရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့် ရချင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ် ချုပ်ဆိုချိန်မှာ ကျွန်တော် အထင်အကြီးဆုံးအရာက အသင်းရဲ့ဆုဖလားပြခန်း မှာ ချန်ပီယံလိဂ်ဖလား ၁၄ လုံးအထိ ရှိနေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားတစ်လုံး ရယူလိုပါတယ်။ ရီးယဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ရဲ့ အရှင်သခင်ပါ။ ချန်ပီယံလိဂ်ဖလားဟာ ရီးယဲလ်မက်ဒရစ်အသင်း အမြဲတမ်းရချင်တဲ့ ဖလားတစ်လုံးလည်း ဖြစ်ပါတယ်။ အခုလို ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို ကစားချင်တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းကို ကျွန်တော် ပြောင်းရွှေ့လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်း အတွက် ကစားပြီး ဂိုးတွေသွင်းယူဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။ 

ဘယ်လင်ဟမ်သည် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ မပြောင်းရွှေ့မီ ဒေါ့မွန်အသင်းတွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်ကြာ ကစားခဲ့သူဖြစ်သည်။ ဘယ်လင်ဟမ်က ၎င်းကို ယခုကဲ့သို့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာအောင် ပျိုးထောင်ပေးခဲ့သည့် ဒေါ့မွန်အသင်းကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ဘယ်လင်ဟမ်က “လူတွေက ကျွန်တော့် အနေနဲ့ မွေးရပ်မြေမှာ အသင်းဟောင်းနဲ့ ပြိုင်ဘက်အဖြစ် ကစားရတော့မယ်ဆိုတာပဲ ပြောနေကြပါတယ်။ ကျွန်တော့်အတွက်တော့ အခုလို အရမ်းအရေးကြီးတဲ့ပွဲမျိုးမှာ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဖယ်ထုတ်ပြီး ကြိုးစားဖို့လိုတယ်လို့ ထင်ပါတယ်။ ဒေါ့မွန်အသင်းမှာ ကျွန်တော် လေးစားရတဲ့ လူပုဂ္ဂိုလ်များစွာ ရှိပါတယ်။ ဒေါ့မွန်အသင်းက ကျွန်တော့်ကို ဘယ်သူမှ မယုံကြည်ခင်ကတည်းက အခုလို ထိပ်တန်းအဆင့်မျိုးရောက်လာအောင် နေရာပေးခဲ့၊ အခွင့်အရေးပေးခဲ့တာပါ”ဟု ပြောကြားခဲ့သည်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် ပြိုင်ဘက် ဒေါ့မွန်အသင်းကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဖလားကို စံချိန် တင် ၁၅ ကြိမ်မြောက် ရရှိရန် ရေပန်းစားလျက်ရှိကြောင်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments