လာမည့်နွေရာသီတွင် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် အသင်း၌ ဆက်ရှိနေလိုသော်လည်း အသင်းဘက်မှ ဆန္ဒမရှိလျှင် ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၉) နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသေးပြီး တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်လည်း ထည့်သွင်းထားသည်။
သို့သော် ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ၎င်းအား ယူရိုသန်း (၁၀၀) ဖြင့် ကမ်းလှမ်းခဲ့ပြီး နွေရာသီတွင် ထပ်မံကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
သို့ဖြစ်ရာ မေ (၁၅) ရက်က နယူးကာဆယ်အသင်းနှင့်ပွဲအပြီးတွင် ဘရူနိုဖာနန်ဒက်စ်က ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော် ဒီမှာရှိနေမှာပါ။ အသင်းက ကျွန်တော့်ကို အလိုရှိပြီး အနာဂတ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်စေချင်တယ်လို့ ကျွန်တော် အမြဲပြောဖူးပါတယ်။ အသင်းက အလိုမရှိတဲ့ ကစားသမားမျိုး ကျွန်တော် မဖြစ်ချင်ပါဘူး။ အကြောင်းတစ်ခုခုကြောင့် သူတို့က ကျွန်တော့်ကို မလိုချင်ဘူးဆိုရင် ကျွန်တော် ထွက်သွားမှာပါ။ ကျွန်တော်တို့လုပ်ရမယ့်အလုပ်က မပြီးသေးပါဘူး။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ တစ်ပွဲကစားဖို့ ကျန်ပါသေးတယ်။ ပြီးသွားရင် ဒီရာသီအတွက် အကြီးကျယ်ဆုံးပွဲဖြစ်တဲ့ FA ဖလားပြိုင်ပွဲ ကစားရပါဦးမယ်။ ဒါက ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ မြင်နေရတာကို ကျွန်တော်တို့ ဖုံးကွယ်ထားလို့မရဘူးဆိုတာ အားလုံးသိပါတယ်။ ပရိသတ်တွေက အံ့အားသင့်စရာကောင်းအောင် တစ်ရာသီလုံး ကျွန်တော်တို့နောက်ကလိုက်ပြီး အားပေးခဲ့ကြတယ်။ ကျွန်တော်တို့အတွက် သူတို့လုပ်ပေးခဲ့တာတွေကို တကယ်အသိအမှတ်ပြုပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် မန်ယူနိုက်အသင်းထံသို့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းထံမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းသို့ ရောက်ရှိလာချိန်ကတည်းက အသင်းအတွက် အကောင်းဆုံးပုံစံဖြင့် ကစားပေးနိုင်ခဲ့သူဖြစ်ကြောင်း လည်း သိရှိရသည်။






