ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ရဲ့ အကြီးအကဲ ရစ်ချတ် မာစတာ ဟာ ဒီတစ်ပတ် နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီး Vs ဝက်စ်ဟမ်း ပွဲအစား အာဆင်နယ် Vs အဲဗာတန် ပွဲကို တက်ရောက် အားပေး ကြည့်ရှုမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ က ဘယ်အသင်း ဖြစ်မလဲ ဆိုတာ နောက်ဆုံး နေ့အထိ စောင့်ကြည့်ရမှာ ဖြစ်ပြီး အဆင့် ၁ က မန်စီးတီး အသင်းက အိမ်ကွင်းမှာ ဝက်စ်ဟမ်း ၊ အဆင့် ၂ က အာဆင်နယ် အသင်းက အိမ်ကွင်းမှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။
လက်ရှိမှာ အမှတ်ပေး ဇယား ကို နှစ်မှတ်အသာ နဲ့ ဦးဆောင်နေတဲ့ မန်စီးတီး အသင်းဟာ ချန်ပီယံ ဖြစ်ဖို့ ပိုပြီး အခြေအနေကောင်း ၊ ရေပန်းစား နေပေမယ့် ပရီးမီးယားလိဂ် စီအီးအို ရစ်ချတ် မာစတာ ကတော့ သူတို့ရဲ့ နောက်ဆုံးပွဲကို သွားရောက် ကြည့်ရှု့မှာတော့ မဟုတ်ပါဘူး ။

မန်စီးတီး ပွဲအစား မာစတာ ဟာ နောက်ဆုံးပွဲမှာ အာဆင်နယ် အသင်း နှင့် အဲဗာတန် အသင်း ပွဲကို သွားရောက် ကြည့်ရှု့ မှာ ဖြစ်ပါတယ် ။ အကြောင်းအရင်းကတော့ ဘဏ္ဍရေး စည်းမျဉ်း ချိုးဖောက်မှု စွဲချက် ၁၁၅ ခုနဲ့ ရင်ဆိုင် နေရတဲ့ မန်စီးတီး အသင်း ပွဲကို သွားရောက် ကြည့်ရှု့ပါက ဝေဖန်မှုတွေ ခံရမယ့် အရေးကို ရှောင်လွှဲချင်တာကြောင့်ပါ ။
ပြီးခဲ့တဲ့ လအတွင်းမှာ မာစတာ ဟာ မန်စီးတီး အသင်း ရဲ့ အမှုကို မဝေးတော့တဲ့ အနာဂတ်မှာ စတင်ကြားနာ သွားမယ်လို့ အတည်ပြုထားတာပါ ။






