Thursday, October 23, 2025
spot_img
spot_img

ဒယ်လစ်၏နောက်ဆုံးမိနစ်ချေပဂိုး ငြင်းပယ်ခံရခြင်းအတွက် တူဟယ်လ် ဒေါသပေါက်ကွဲခဲ့ပြီး စည်းကြပ်ဒိုင်၏ တောင်းပန်မှုမှာ အကူအညီမဖြစ်ဟု ဝေဖန်

ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပွဲ နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဒယ်လစ်၏ချေပဂိုး ငြင်းပယ်ခံရခြင်းအတွက် ဒေါသပေါက်ကွဲခဲ့ပြီး စည်းကြပ်ဒိုင်နှင့် ကွင်းလယ်ဒိုင်၏ တောင်းပန်မှုမှာ အကူအညီမဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ရီးယဲလ်အသင်းအား ဦးဆောင်ဂိုးသွင်းယူထားနိုင်သော်လည်း နောက်ကျချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုရကာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပွဲပြီးခါနီး နာကျင်အချိန်ပို (၁၃)မိနစ်တွင် နောက်ခံလူ ဒယ်လစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုး သွင်းယူနိုင်သော်လည်း စည်းကြပ်ဒိုင်က လူကျွံကြောင်း အလံထောင်ထားခဲ့သည်။

ကွင်းလယ်ဒိုင်ကလည်း ပွဲကို အဆုံးသတ်လိုက်သောကြောင့် VAR က ကြားဝင်ဆောင်ရွက်ခွင့်မရဘဲ ဘိုင်ယန်မြူးနစ်အသင်း နစ်နာခဲ့ရသည်။

ရုပ်သံမှတ်တမ်းများအရ ဒယ်လစ်မှာ လူကျွံနေခြင်းမရှိဘဲ ရီးယဲလ်နောက်ခံလူ ရူဒီဂါ၏လက်က အရှေ့သို့ရောက်နေကြောင်း မြင်တွေ့ခဲ့ရသည်။

ယင်းဖြစ်ရပ်အတွက် သောမတ်စ်တူဟယ်လ်က ”ဒါက အရမ်း (အရမ်း)ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ခဲ့ပါတယ်။ စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်ဆီက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခု ရရှိခဲ့တာပါ။ အဲဒါက နောက်ဆုံးအချိန်မှာ သစ္စာဖောက်သလို ခံစားရပါတယ်။ စည်းကြပ်ဒိုင်က တောင်းပန်ပေမဲ့ အဲဒါက အကူအညီမဖြစ်ပါဘူး။ ကျွန်တော်တို့ Second ball ရသွားပြီး ကန်လိုက်တာကို ဒိုင်လူကြီးလည်း မြင်ပါတယ်။ ဒါက လက်ခံနိုင်ဖို့ခက်ခဲပေမဲ့ အခုလိုပဲ ဖြစ်သွားပါတယ်” ဟု ဝေဖန်ခဲ့သည်။

ထို့ပြင် ၎င်းက ”အားလုံးက သူတို့ရဲ့ ကန့်သတ်ချက်ရောက်အောင် သွားခဲ့ကြပြီး အားလုံးခံစားခဲ့ကြရတယ်။ အားလုံးက အမှားမလုပ်ဘဲ ကစားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် ဒိုင်လူကြီးကလည်း အဲဒီလိုအဆင့်မျိုး ရှိနေရမှာပါ။ အခုလိုဖြစ်ပြီးတော့မှ ဆင်ခြေပေးတာက အကူအညီမဖြစ်ပါဘူး။ ခင်ဗျား (ကွင်းလယ်ဒိုင်) က ဒီနေရာမှာ အကောင်းဆုံးဖြစ်လို့ ကွင်းထဲမှာ ရှိနေခွင့်ရတာပါ။ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးပွဲပြီးချိန်အထိ မျှော်လင့်ခွင့်ရသင့်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ယင်းရလဒ်ကြောင့် ၂၀၁၁-၂၀၁၂ ရာသီနောက်ပိုင်း (၁၂)နှစ်အတွင်း ပထမဆုံးအကြိမ် ဖလားလက်မဲ့ရာသီအဖြစ် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် (၁၁) ရာသီဆက်ရရှိထားသည့် ဘွန်ဒစ်လီဂါချန်ပီယံဆု လက်လွှတ်ခဲ့ရပြီး ဂျာမန်ဖလားပြိုင်ပွဲတွင် ဒုတိယအဆင့်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသလို ဂျာမန်စူပါဖလားပြိုင်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments