Wednesday, March 11, 2026
spot_img
spot_img

တော့တင်ဟမ်ကို အနိုင်ရအပြီး ချဲလ်ဆီးရဲ့ အရေးပါတဲ့ စတား တဦး စာချုပ်သက်တမ်း ကုန်တော့မယ့် အပေါ် တုန့်ပြန်လာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲကျန်မှာ တော့တင်ဟမ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၊ လက်ကျန် ၄ပွဲ အလို ဥရောပဝင်ခွင့် တနေရာ အတွက် မျှော်လင့်ချက် တချို့ ဆက်လက် ဖော်ဆောင်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ အသုံးပြုခဲ့တဲ့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုရဲ့ နည်းစနစ်ဟာ ရှေ့စနေနေ့မှ အက်စ်တွန် ဗီလာနဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ သုံးခဲ့တဲ့ နည်းစနစ် အတိုင်း ဖြစ်ပြီး ၊ ထိုပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေဟာ မနေ့ညက ပွဲမှာလည်း ထပ်တူ ခြေစွမ်းပြခဲ့ကြပါတယ် ။

အသင်းခေါင်းဆောင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါဟာလည်း ခြေစွမ်း ထက်မြက်ခဲ့ပြီး ၊ ဒါဟာ နောက်ရာသီ စာချုပ် ကုန်ဆုံးမယ့် ၄င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ချဲလ်ဆီး ပရိသတ်တွေ အပေါ် တနေ့ထက် တနေ့ စိုးရိမ်မှု ပိုမြင့်လာစေပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနို က ဒီအကြောင်း အပေါ် ” ကျွန်တော် ( သူ့ရဲ့ စာချုပ်ကိစ္စ ညှိနှိုင်းမှုမှာ ) မပါဝင်ပါဘူး ။ ကျွန်တော် ဘာတခုမှ မသိရပါဘူး ။ ခင်ဗျားတို့ မြင်တွေ့နိုင်မှာပါ ။ ကျွန်တော့ရဲ့ ဒီရာသီ တလျှောက် ပွဲထွက် ၁၁ယောက်မှာ သူ အမြဲတမ်း ပါဝင်ခဲ့ပါတယ် ။ ”

” အခြေအနေ အရပ်ရပ် အားလုံး ကြုံခဲ့ရတဲ့ အနေအထားတွေမှာတောင် သူဟာ ပွဲထွက်စာရင်းမှာ အမြဲ ပါဝင်နေပါတယ် ။ ကျွန်တော်ဟာ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် ချတဲ့အထဲ မပါဝင်ပါဘူး ။ ဒါက ကလပ်နဲ့ သူ့အကြား ညှိနှိုင်းဖြေရှင်းဖို့ လိုမယ့် အခြေအနေ တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ တော့တင်ဟမ်ဖက်ကို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား ၂ဦး ဖြစ်တဲ့ ထရက်ဗာ ချာလိုဘာနဲ့ ကော်နာ ဂေါ်လဂါရဲ့ ချိတ်ဆက်မှု ရခဲ့တာ ဖြစ်ပါတယ် ။ ပွဲချိန် မိနစ် ၂၀ ဝန်းကျင်မှာ ရခဲ့တဲ့ ဖရီးကစ်ကို ဂေါ်လဂါက တိတိကျကျ ဖြတ်တင်ခဲ့သလို ၊ ချာလိုဘာကလည်း ဒါကို ဂိုးနဲ့ ခပ်လှမ်းလှမ်းကနေ လှလှပပ ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း ပိုချက်တီနို က ” သူတို့ ၂ယောက်လုံး အံ့သြဖွယ်ပါပဲ ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့ဟာ ကလပ်တွေရဲ့ ပင်ကိုဟန် အကြောင်း ၊ အဲဒီကနေ ပေါက်ဖွားလာတဲ့ ကစားသမားတွေ အကြောင်း ၊ အကယ်ဒမီက ထိုးထွက်လာတဲ့ ကြယ်ပွင့်တွေ အကြောင်း အမြဲ ပြောကြပါတယ် ။ ”

” သူတို့ဟာ ဒီလို ပွဲမျိုးမှာ အနည်းငယ် ပိုပြီး ပေးဆပ်တတ်ကြပါတယ် ။ ဒါကလည်း စိတ်လှုပ်ရှားမှုကြောင့်ပါ ။ ဒါပေမယ့် ဒီလို ပြောလို့ အကယ်ဒမီထွက် မဟုတ်တဲ့ ကစားသမားတွေက မစွမ်းဆောင်နိုင်ကြဘူး ဆိုတဲ့ အဓိပ္ပာယ်မျိုး ဆိုလိုတာ မဟုတ်ပါဘူး ။ ”

” သီယာဂို ဆိုရင် ဒီအသင်း အပေါ် သူ ဘယ်လောက်ထိ ခံစားပေးတာ ၊ စိတ်လှုပ်ရှားတာ ၊ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်း နီးစပ်နေတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ ဒါပေမယ့် ဒီနေ့လို ဒါဘီပွဲမျိုးမှာတော့ သူတို့ ( ချာလိုဘာနဲ့ ဂေါ်လဂါ ) အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ တသင်းလုံး အံ့သြဖွယ်ပါပဲ ။ ဒါပေမယ့် ထရက်ဗာနဲ့ ကော်နာတို့က ထူးပြီး ကောင်းခဲ့တာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments