ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန်ထဲက ဘန်လေ အသင်းကို ဒုတိယပိုင်း တပိုင်းလုံး ကစားသမား တယောက် အသာစီး ရခဲ့ပေမယ့် ၊ စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ အတူ တဖက် ၂ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။
ဒီပွဲမှာ ချဲလ်ဆီးဟာ ဂိုးသွင်းခွင့်ပေါင်း မြောက်မြားစွာ ရခဲ့ပေမယ့် ၊ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် ၊ တကိုယ်ကောင်းဆန်မှုတွေကြောင့် ပထမပိုင်းကိုပင် ပင်နယ်တီဂိုးနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်း အစမှာလည်း စောစောစီးစီး ချေပဂိုး ပြန်ပေးခဲ့ရပြီး ၊ ဦးဆောင်ဂိုး ပြန်ရချိန်မှာလည်း ပွဲပြီးခါနီး ၁၀မိနစ်တာ ကာလကို ခြင်္သေ့ပြာတို့ မထိန်းနိုင်ခဲ့ပါဘူး ။
တသင်းလုံးမှာ အပြစ်တင်စရာ မရှိတဲ့ ချဲလ်ဆီး ကစားသမား အနည်းငယ်ထဲက တဦးကတော့ ၂ဂိုးလုံး သွင်းပေးခဲ့တဲ့ ကိုးလ်ပါလ်မာ ဖြစ်ပြီး ၊ ပွဲပြီး အင်တာဗျူးမှာ ၄င်းက ပွဲအပေါ် ပေါ့တန်တန် သဘောထားခဲ့ကြတဲ့ ချဲလ်ဆီး အသင်းဖော်တွေကို အခုလိုပဲ ဝေဖန်သွားပါတယ် ။
ပါလ်မာ က ” ဒါက တကယ် ညံ့ဖျင်းလွန်းပါတယ် ။ ဒါမျိုး လုံးဝ ဖြစ်လို့ မရတာပါ ။ အထူးသဖြင့် ပြိုင်ဖက် အသင်းက ၁၀ယောက်တည်း ကျန်တဲ့ အနေအထားမျိုးမှာပေါ့ ။ ကျွန်တော်တို့ အရမ်း ပေါ့ပေါ့တန်တန် တွေးလွန်းခဲ့ပါတယ် ။ ”

” ဇာတ်လမ်းကတော့ တူတူပါပဲ ။ ကျွန်တော်တို့ဟာ အပတ်တိုင်း ကိုယ့်ကိုယ်ကို သတ်နေကြပါတယ် ။ ကစားသမားတွေ အဖြစ်နဲ့ ကျွန်တော်တို့ဟာ ဒီထက် တိုးတက်ဖို့ လိုကို လိုပါတယ် ။ ကျွန်တော်တို့ ခြေစွမ်းကောင်းကို ထ်ိန်းပြဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ၄င်းတို့ဟာ တဦးနဲ့ တဦး နားလည်မှု အတော်လေး လိုအပ်နေခဲ့ကြောင်းနဲ့ ကြိုးစားအားထုတ်မှု ၊ ခွန်အားတွေ ပျောက်ဆုံးနေကြောင်း ထုတ်ပြောလာပါတယ် ။
ပိုချက်တီနို က ” ကျွန်တော်တို့မှာ ခွန်အားတွေ ပျောက်ဆုံးနေခဲ့ပါတယ် ။ အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါဘူး ။ ကိုယ့်အချင်းချင်း အကြားမှာ နားလည်မှုလည်း ပျောက်ဆုံးခဲ့ပါတယ် ။ ဝုလ်ဗ်နဲ့ ပွဲနောက်ပိုင်း အသင်းဟာ ဖြတ်ထုတ်မှု အကြိမ်တိုင်း အောင်ပွဲခံခဲ့ပါတယ် ။ ”
” ဒီနေ့တော့ ကျွန်တော်တို့ဟာ ရှေ့ပွဲတွေကနဲ့ မတူတော့ပါဘူး ။ ဒါကလည်း မတူညီတဲ့ အကြောင်းအရင်း တခုခုကြောင့် ဖြစ်မှာပါ ။ နည်းလမ်း တခုချင်းစီတိုင်းမှာ ကျွန်တော်တို့ တိုးတက်ဖို့ လိုသေးတယ် ဆိုတဲ့ ပြတ်သားတဲ့ အိုင်ဒီယာတော့ ရှိပါတယ် ။ ”

” ဒါက အမှန်တရားပါပဲ ။ မတူညီတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ မရပါဘူး ။ ဒါက အဓိက သော့ချက်ပါပဲ ။ ကျွန်တော်တို့ ဂိုးပေးခဲ့ရတဲ့ ပုံစံတွေကို ကြည့်ပါ ။ ဒါတောင် ပြိုင်ဖက် အသင်းဟာ တယောက်လျော့နဲ့ ကစားနေခဲ့တာပါ ။ ”
” ကျွန်တော်တို့ ကိုယ့်ရဲ့ လုပ်အားနှုန်းကို မြှင့်တင်ဖို့ လိုတယ် ဆိုတာ ကစားသမားတွေ အနေနဲ့ သဘောပေါက် နားလည်ဖို့ လိုပါတယ် ။ သူတို့ချည်းပဲ အပြစ်ဖို့နေတာ မဟုတ်ပါဘူး ။ အားလုံးကို အပြစ်တင်နေတာပါ ။ ”
” ဒီလို ကစားသမားမျိုးတွေ ပိုင်ဆိုင်ထားတာ ဖြစ်လို့ ကျွန်တော်တို့ ဒီထက် ပိုပြီး ခက်ထန်ဖို့ လိုပါတယ် ။ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ နားလည်မှု ရှာနိုင်ပြီး ၊ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်း တသင်း ဖြစ်လာဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






