ပြင်သစ်အသင်း၏ ၀ါရင့််တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သဖြင့် ပြင်သစ်အသင်းအတွက် (၈၄)ပွဲ ဆက်တိုက် ပါဝင်ကစားထားသည့်စံချိန် ရပ်တန့်ခဲ့ရပြီဖြစ်ကြောင်း သိရသည်။
ဂရီးဇ်မန်း(၃၂ နှစ်)သည် ၂၀၁၄ ခုနှစ်ကတည်းက ပြင်သစ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်၌ ပြင်သစ်အသင်း၏ ပွဲအများဆုံးကစားသမားစာရင်းတွင်ရော ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင်ပါ အဆင့် (၄)နေရာ၌ ရပ်တည်နေသူဖြစ်သည်။
ဂရီးဇ်မန်းသည် ပြင်သစ်အသင်းအတွက် (၁၂၇)ပွဲကစားကာ (၄၄)ဂိုး သွင်းယူပေးထားခြင်းဖြစ်သည်။
ဂရီးဇ်မန်းသည် ၂၀၁၇ စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့သော နယ်သာလန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှစ၍ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သော ဂရိနှင့် ယူရိုခြေစစ်ပွဲအထိ ပြင်သစ်အသင်း၏ ပွဲတိုင်းကို အနည်းဆုံးမိနစ်ပိုင်းအဖြစ် ဝင်ရောက်ကစားခွင့်ရရှိခဲ့သည်။

အဆိုပါပွဲအရေအတွက်မှာ စုစုပေါင်း(၈၄)ပွဲအထိရှိခဲ့ပြီး လက်ရှိပြင်သစ်နည်းပြ ဒေးရွှမ့်၏ ယုံကြည်အားထားမှုအခံရဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းကာလအတွင်းတွင် ဂရီးဇ်မန်းသည် ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် Nations Leagu ချန်ပီယံဆုများ ရယူနိုင်ခဲ့သည်။
ဂရီးဇ်မန်းသည် လက်ရှိရာသီ၌ အက်သလက်တီကိုအသင်းအတွက် ခြေစွမ်းပြနေသော်လည်း ပြီးခဲ့သည့် လာလီဂါပွဲစဉ်တွင် အက်သလက်တီကိုအသင်းအတွက် ဒုတိယပိုင်းမှ ပါဝင်ကစားနိုင်ခဲ့ပြီးနောက် ခြေချင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်အသင်းလူစာရင်းမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းအတွက် ပြင်သစ်အသင်းက လာဇီယိုကစားသမား ဂန်ဒူဇီကို အစားထိုးခေါ်ယူခဲ့သည်။
ပြင်သစ်အသင်းသည် မတ်လ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဂျာမနီ၊ ချီလီတို့နှင့် ပြင်သစ်နိုင်ငံတွင် ခြေစမ်းကစားရန် စီစဉ်ထားခြင်းဖြစ်သည်။






