မန်ယူအသင်းသည် လက်ရှိနည်းပြ တန်ဟက်ဂ်ကို ရာထူးမှ ထုတ်ပယ်ရန် စဉ်းစားနေပြီဖြစ်ပြီး ၎င်း၏နေရာကို ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာဖြင့် အစားထိုးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
မန်ယူအသင်းသည် နယ်သာလန်နည်းပြ တန်ဟက်ဂ်ကို ၂၀၂၂ နွေရာသီတွင် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်နေသည်။
တန်ဟက်ဂ်သည် ပွဲဦးထွက်ရာသီတွင် အသင်းတာဝန်ရှိသူများနှင့် မန်ယူပရိသတ်များ ကျေနပ်လောက်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ ရုန်းကန်နေရသည်။

ထို့ပြင် မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်လာမည့် ဆာဂျင်ရက်ကလစ်ဖ်က အသင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်နေရာ လက်ရှိအနေအထားအရ တန်ဟက်ဂ်၏အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေပြီဟု ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် ဂရေဟမ်ပေါ်တာနှင့် ဆွေးနွေးပြောဆိုမှုပင် ပြုလုပ်ထားပြီးပြီဖြစ်ပြီး တန်ဟက်ဂ်အနေဖြင့် အသင်း၏အခြေအနေကို တိုးတက်အောင် ပြုလုပ်နိုင်ခြင်းမရှိပါက ထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။






