Friday, March 13, 2026
spot_img
spot_img

ရှုံးပွဲကြုံတဲ့အခါ အဝတ်လဲခန်းသို့ လာရောက်လည်ပတ်ဖြစ်ခဲ့ရင် အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီး ကစားသမားတွေကို ဘယ်လိုတုန့်ပြန်တတ်လဲ ဆိုတာ ပြောပြလာတဲ့ ဆစ်ဒ်ဝဲလ်

ချဲလ်ဆီး အသင်းဟာ လက်ရှိ အမေရိကန် ပိုင်ရှင်တွေရဲ့ လက်အောက်မှာ မကြာခဏဆိုသလို အဝတ်လဲခန်းသို့ လာရောက်အလည်ပတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းကြီးတတ်တာကို တွေ့ရပါတယ် ။ လောလောလတ်လတ်မှာပဲ ချဲလ်ဆီး ပူးတွဲရှယ်ယာရှင် ဘာဒက် အဂ်ဘာလီဟာ နောက်ဆုံး ကစားခဲ့တဲ့ အက်စတွန် ဗီလာနဲ့ ဘရိုက်တန် ပွဲများအပြီး အဝတ်လဲခန်းထဲသို့ လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း အခြား ပူးတွဲပိုင်ရှင် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီဟာ အဝတ်လဲခန်းသို့ မကြာခဏ အလည်အပတ်လုပ်ခဲ့လို့ ဘောလုံးသမားဟောင်း တချို့ရဲ့ ပြောဆိုဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ် ။ သို့ပေမယ့် ချဲလ်ဆီးမှာ ထိုဖြစ်စဉ်မျိုးက ယခင် ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း တဦး ဖြစ်တဲ့ စတိဗ် ဆစ်ဒ်ဝဲလ်က အေဘရာမိုဗစ်ခ်ျ တယောက် အသင်း ရှုံးပွဲ ကြုံတဲ့အခါတွေမှာ အဝတ်လဲခန်းသို့ လာလည်ပတ်ဖြစ်ရင် ကစားသမားတွေထံ ဘယ်လို အမှာစကားပါးတတ်လဲ ဆိုတာ Talksport နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ပြန်ပြောင်းပြောပြခဲ့ပါတယ် ။

ဆစ်ဒ်ဝဲလ် က ” ဒါဟာ သူတို့ အဝတ်လဲခန်းထဲ ဝင်ပြီး ၊ ဘာပြောမလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ် ။ ဒါမှမဟုတ် သူတို့ ပုံမှန် အဝတ်လဲခန်းထဲ သွားသလားပေါ့ ။ ကျွန်တော် ချဲလ်ဆီးမှာ ရှိခဲ့တုန်းကတော့ ရိုမန် အေဘရာမိုဗစ်ခ်ျဟာ အဝတ်လဲခန်းဆီ ရံဖန်ရံခါ လာတတ်ပါတယ် ။ ”

” ဘာအတွက်ကြောင့်နဲ့ သူတို့ အဝတ်လဲခန်းဆီ လာရလဲ ဆိုတဲ့ အပေါ်လည်း မူတည်ပါတယ် ။ ပြီးတော့ သူတို့ အဝတ်လဲခန်းထဲ ရောက်ပြီး ကစားသမားတိုင်းကို အမှာစကား ပြောတဲ့အခါမှာလည်း သူတို့ ဘာပြောသလဲ ဆိုတာ ကြည့်ရပါမယ် ။ ”

” ကစားသမား တယောက် အနေနဲ့ ဒါကို ကျွန်တော် ဘယ်တော့မှ ကောင်းတယ်လို့လည်း မမြင်သလို ၊ ဆိုးတယ်လို့လည်း မမြင်ပါဘူး ။ ဒါပေမယ့် ရိုမန်တုန်းကတော့ မတူပါဘူး ။ သူ ရောက်လာရင် ဘာမှတော့ ထွေထွေထူးထူး မပြောတတ်ပေမယ့် ၊ မျက်စောင်းထိုးတာလောက်တော့ လုပ်တတ်ပါတယ် ။ ”

” လာကြည့်ဖြစ်တဲ့ ပွဲအများစု အပြီး အဝတ်လဲခန်းထဲ လာတတ်ပြီး ၊ လူတိုင်းနဲ့ လက်ဆွဲနှုတ်ဆက်တယ် ၊ ပြီးရင် ထောင့်တနေရာမှာ မတ်တပ်ရပ်ပြီး နည်းပြနဲ့ စကားပြောပါတယ် ။ ဒီလောက်ပါပဲ ။ အဲဒီအချိန်မှာ ကစားသမားတွေ အနေနဲ့ ရေချိုးတာ ၊ စားတာသောက်တာတွေ လုပ်လို့ရပါတယ် ။ ”

” သူ ကျွန်တော်တို့ကို ဘာမှ ထွေထွေထူးထူး အမှားစကားတွေ မပြောခဲ့ပါဘူး ။ ဒါပေမယ့် ရှုံးပွဲကြုံတဲ့အခါမျိုးမှာ သူ အဝတ်လဲခန်းကို ရောက်လာရင် အားလုံးက ‘ အိုး … အိုကေ၊ ဇာတ်လမ်းတော့ စပြီ ‘ ဆိုပြီး ဖြစ်ပါလိမ့်မယ် ။ ပိုင်ရှင်တွေ ပွဲအကြောင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတဲ့အခါ သူတို့ဟာ ဘောလုံး အကြောင်း နှစ်၂၀ကျော် ကြေကြေညက်ညက် သိထားတဲ့သူတွေနဲ့တော့ ကွာပါတယ် ။ ”

” ပိုင်ရှင်တွေဟာ မန်နေဂျာထက် ဘောလုံး အကြောင်း ပိုသိကြလား ? ဘယ်လိုမှမဖြစ်နိုင်ပါဘူး ။ အသင်းပိုင်ရှင်တိုင်းဟာ စီးပွားရေး လုပ်တာ ဖြစ်လို့ သူတို့ဟာ သက်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ တတ်ကျွမ်းတဲ့သူတွေကို ရာထူး ပေးထားတာ ဖြစ်ပြီး ၊ မန်နေဂျာကသာ အသင်းကို ကြည့်ရှု ကိုင်တွယ်ရတာပါ ။ ”

” လေ့ကျင့်ရေးကွင်းမှာဆို ပိုင်ရှင်ဆီကနေ meeting ဆင့်ခေါ်တာ ခံရပါတယ် ။ အထူးသဖြင့် ရိုမန် ချဲလ်ဆီးမှာ ရှိနေစဉ်ကပေါ့ ။ အဝေးကွင်းပွဲတွေဆို စိတ်ခံစားချက်မှု ပိုများပါတယ် ။ ကျွန်တော်တို့ အားလုံး သူခေါ်ရင် တစုတစည်းတည်း သွားကြရပါတယ် ။ လူတိုင်း meeting တခုကို ရောက်နေပြီဆိုရင် ဒါက ရိုမန် ခေါ်တာပဲ ဆိုတာ ခင်ဗျား သိနိုင်ပါလိမ့်မယ် ။ ”

” အဲဒီမှာ သူက ‘ ငါတို့ဟာ ချဲလ်ဆီး အသင်း ဖြစ်တယ် ၊ လက်ရှိ အဆင့်အတန်းက လုံလုံလောက်လောက် မကောင်းနေဘူး ‘ စသဖြင့် တိုတိုတုတ်တုတ် ပြတ်ပြတ်သားသား အမှားစကားပါးပါတယ် ။ ပြီးတာနဲ့ သူက ‘ Come on! ‘ ဆိုပြီး လက်သီးလက်မောင်းလေး တန်းကာ အားပေးစကားပြောပါတယ် ။ ”

” ဒါပေမယ့် ပိုင်ရှင်ကနေ အဝတ်လဲခန်းထဲကို ဆင်းလာပြီးတော့ နည်းစနစ်တွေ ၊ ဘယ်နေရာမှာ ကစားဖို့ ညွှန်ကြားတာမျိုး ကျွန်တော် တခါမှ မကြုံဖူးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments