အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်အနေဖြင့် ယနေ့ည ကစားမည့် ယူကရိန်းအသင်းနှင့် ၂၀၂၄ ယူရိုခြေစစ်ပွဲတွင် အင်္ဂလန်အသင်း အတွက် ပါဝင်ကစားပါက အသင်းပရိသတ်များ၏ ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်သည် ယခုနွေရာသီတွင် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖာ အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်းသည် အယ်လ်အစ်တီဖာအသင်းတွင် တစ်ပတ်လစာ ပေါင် ခုနစ်သိန်း ရရှိကာ ဘောလုံးသမိုင်းတစ်လျှောက် လစာအများဆုံးရ ဗြိတိန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ဟန်ဒါဆန်သည် လီဗာပူူးလ်အသင်းတွင် ကစားစဉ်က လိင်တူချစ်သူများ အခွင့်အရေးအတွက် လှုပ်ရှားပေးခဲ့သူဖြစ်ပြီး လိင်တူချစ်သူများကို သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်လေ့ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံသို့ ပြောင်းရွှေ့ကစားခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ထို့ပြင် ဟန်ဒါဆန်သည် ယခုအပတ်အစောပိုင်းက ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ၎င်းအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားရာတွင် ငွေကြေးက အဓိကမကျကြောင်း၊ ဆော်ဒီ ပရိုလိဂ်ကို အဆင့်မြှင့်တင်လိုသည့်အတွက် ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအင်တာဗျူး ထွက်ပေါ်လာပြီးနောက် ဟန်ဒါဆန်သည် ဝေဖန်မှုများနှင့် ပိုမိုရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဟန်ဒါဆန်သည် ယနေ့ညတွင် ယူကရိန်းအသင်းနှင့် ယူရိုခြေစစ်ပွဲကစားမည့် နည်းပြဆောက်ဂိတ်၏ အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်နေပြီး အဆိုပါပွဲစဉ်တွင် ၎င်းပါဝင်ကစားပါက ဆန္ဒပြရန် အင်္ဂလန်အသင်းအားပေးသူ ပရိသတ်အချို့က စီစဉ်နေကြကြောင်း သိရှိရသည်။

ဟန်ဒါဆန်အနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားခဲ့ခြင်းကြောင့် LGBRQ+ အသိုင်းအဝိုင်းကို ကျောခိုင်းသွားပြီဟု ယူဆနေကြပြီး ၎င်းတို့အနေဖြင့် ဟန်ဒါဆန်အား ယင်းကဲ့သို့ ပြန်လည်ဆက်ဆံရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။
LGBRQ+ အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဂျိုးဝှိုက်က “အယ်လ်အစ်တီဖာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဟန်ဒါဆန်ကို အဖွဲ့ဝင်တော်တော်များများက စိတ်ပျက်နေကြပါတယ်။ အဲဒီအတွက် ယူကရိန်းနဲ့ပွဲမှာ ဟန်ဒါဆန်ကို လှောင်ပြောင်ဖို့ စီစဉ်နေကြသူတွေလည်း ရှိ ပါတယ်။ အစကတော့ ဟန်ဒါဆန် ကစားရင် သူ့ကို ကျောခိုင်းတာလောက်ပဲလုပ်ပြီး အင်္ဂလန်အသင်းကို အားပေးဖို့ လုပ်ထားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ အင်တာဗျူး ထွက်ပေါ်လာပြီး နောက်မှာတော့ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ ပရိသတ်တော်တော်များများက ယူကရိန်းနဲ့ပွဲမှာသာ သူ ဝင်ကစားမယ်ဆိုရင် သူ့ ကို လှောင်ပြောင်မှုတွေ လုပ်ကြပါလိမ့်မယ်။ LGBRQ+ အသိုင်းအဝိုင်းကို ကျောခိုင်းသွားတဲ့ ဟန်ဒါဆန်ကို မလေးစားနိုင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။






