ဘောလုံးဝေဖန်သူအဖြစ်ဆောင် ရွက်နေသည့် ဘလက်ဘန်းဂန္ထဝင် တိုက်စစ်မှူး ခရစ္စဆပ်တန်က လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအနေဖြင့် ယခုအချိန်တွင် ဆော်ဒီလိဂ်သို့ပြောင်းရွှေ့မည်ဆိုပါက အသင်းနှင့် နည်းပြ ယာဂန်ကလော့ပ်အပေါ် သစ္စာမဲ့ရာ ကျလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဘန်ဇီမာ၊ ကွန်တေတို့လို ထိပ်တန်းကစားသမားများကို ခေါ်ယူထားသည့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ဆာလာ(၃၁ နှစ်)အား စံချိန်တင်လစာပေးကာ ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သတင်းများ ဆက်တိုက်ထွက်ပေါ်နေသည်။ လီဗာပူးလ်နည်းပြ ကလော့ပ်ကမူ ဆာလာအတွက် ကမ်းလှမ်းမှုမရှိသလို၊ ကမ်းလှမ်းလာပါကလည်း ငြင်းဆန်ပယ်ချသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင် ယခုနွေရာသီအပြောင်း အရွှေ့ဈေးကွက်မှာ ယနေ့(စက်တင် ဘာ ၁ ရက်)တွင် ပိတ်မည်ဖြစ်ရာ ဆာလာအနေဖြင့် လီဗာပူးလ်အသင်းမှမ ထွက်ခွာသင့်တော့ကြောင်း ဆပ်တန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆပ်တန်က “ဒီအချိန်မှတော့ ဆာလာအနေနဲ့ လီဗာပူးလ်ကို စွန့်ပြီး ဆော်ဒီကို သွားဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အဓိက အချိန်ကြောင့်ပါ။ တကယ်လို့ ဆာလာသာ အတင်းပြောင်းရွှေ့မယ်ဆိုရင်တော့ သူ့ကို ကမ္ဘာ့အဆင့်ဖြစ်အောင် လုပ်ပေးခဲ့တဲ့ နည်းပြ ယာဂန်ကလော့ပ်နဲ့ လီဗာပူးလ်အပေါ် သစ္စာမဲ့ရာကျပါလိမ့်မယ်။ ဆာလာက သစ္စာတရားကို တန်ဖိုးထားသူပါ”ဟု ပြော ကြားခဲ့သည်။






