ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူသည် လန်ဒန်သို့ ပြန်လာလိုခြင်းမရှိဘဲ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့ခွင့်ရရန် အသင်းကို ဖိအားပေးနေကြောင်း အီတလီအားကစားသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။
အသက် (၃၀) အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင် လူကာကူသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလကမှ အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ပေါင် (၉၇.၅) သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။
သို့သော် လူကာကူအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ရုန်းကန်ခဲ့ရပြီး အသင်းကို ဝေဖန်မှုများပြုလုပ်ခဲ့သည်။
ထို့ ကြောင့် ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက လူကာကူအား အင်တာမီလန်အသင်းထံ တစ်ရာသီ အငှားချခဲ့သည်။

ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုသည် လူကာကူအား အခွင့်အရေးပေးရန် ဆန္ဒရှိခဲ့သော်လည်း ကစားသမားကို်ယ်တိုင်က ချယ်လ်ဆီးအသင်းထံသို့ ပြန်လာလိုခြင်းမရှိကြောင်း သိရှိရသည်။
Gazzetta dello Sport ၏ ဖော်ပြချက်အရ လူကာကူသည် ချယ်လ်ဆီးအသင်းနှင့် ဇူလိုင် (၁၀) ရက်ကတည်းက ပူးပေါင်းရမည်ဖြစ်သော်လည်း လန်ဒန်သို့ ပြန်လာခြင်းမရှိဘဲ တစ်ကိုယ်တော်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် လူကာကူအတွက် အသင်းနှင့်ပူးပေါင်းရမည့်ရက်ကို နောက်ဆုတ်ပေးခဲ့ပြီး ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရှိရသည်။

လက်ရှိတွင် လူကာကူအား ခေါ်ယူရန် အင်တာမီလန်အပြင် ဂျူဗင်တပ်စ်အသင်းနှင့် ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေကြကြောင်း သိရသည်။
သို့သော် လူကာကူသည် ဆော်ဒီမှ ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချထားပြီး ဥရောပတွင် ဆက်နေရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
လူကာကူသည် ချယ်လ်ဆီးအသင်းက အသင်းနှင့်ပူးပေါင်းရမည့်ရက်ကို နောက်ဆုတ်ပေးထားသော်လည်း အသင်းသို့ ပြန်လာခြင်းမရှိဘဲ အင်တာမီလန်သို့ ရောင်းချစေလိုနေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းသည် လူကာကူကို ပေါင် (၃၄)သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရှိရသည်။