အာဆင်နယ် အသင်းဟာ လာမယ့် အပတ်ထဲမှာတော့ ဗြိတိန် ကစားသမားတွေထဲမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာမယ့် ဒက်ကလန်ရိုက်စ် ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာ သွားတော့မှာ ဖြစ်ပါတယ် ။ ရိုက်စ် ဟာ ဝက်စ်ဟမ်း အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်း နဲ့ ပြောင်းရွှေ့ရောက်ရှိ လာခဲ့တာပါ ။
ရိုက်စ် ဟာ အာဆင်နယ် အသင်း ရဲ့နွေရာသီ အဓိက ပစ်မှတ် ကစားသမား ဖြစ်ပြီး မန်စီးတီး အသင်းက ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပါသေးတယ် ။ ဒါပေမယ့် မန်စီးတီး အသင်း ရဲ့ကမ်းလှမ်းမှုကို ဝက်စ်ဟမ်း ဘက်က ငြင်းဆန် ပယ်ချ ခဲ့ပြီး စီးတီး ထက် ပိုများတဲ့ အာဆင်နယ် အသင်း ရဲ့ ပြောင်းရွှေ့ကြေး ၁၀၅ သန်းကိုတော့ ဝက်စ်ဟမ်း ဘက်က လက်ခံ ခဲ့တာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒွိုက်ယောခ့် ကတော့ အာဆင်နယ် အသင်း ပေးတဲ့ ပမာဏ ကို စီးတီး လိုက်မပေးခဲ့တဲ့ အကြောင်းအရင်းကို ခုလို ရှင်းပြ သွားခဲ့ပါတယ် ။ ” ဒက်ကလန်ရိုက်စ် အပြောင်းအရွှေ့မှာ စီးတီး လက်လျှော့ သွားခဲ့တဲ့ အကြောင်းအရင်းက ရှင်းရှင်းလင်းလင်း ရှိပါတယ် ။ စီးတီး က ရိုက်စ် ကို ပေါင် ၁၀၅ သန်း မတန်ဘူးလို့ ထင်တာကြောင့်ပါ ။ ”
” ဒါပေမယ့် ဒါကိုက ဘီလျံ ပေါင် နဲ့ ချီ လည်ပတ်နေတဲ့ဘောလုံး စီးပွားရေး ရဲ့ သဘော သဘာဝပါပဲ ။ အာဆင်နယ် က အဲ့ဒီ ငွေပမာဏ ကို သုံးနိုင်တဲ့ အင်အား ရှိတာကြောင့် သုံးတာပါ ၊ သူတို့ သုံးနိုင်လို့ သုံးတာ သုံးပါစေဗျာ ။ ရိုက်စ် ရဲ့ဈေး အဲ့လို ဖြစ်သွားတာက အန်ဇို ရဲ့ဈေးကြောင့်ပါ ၊ အင်္ဂလန်သား ဖြစ်နေတော့ ပေါင် သန်း နည်းနည်း ထပ်ပေးရတာပေါ့ဗျာ ။ ”

” ရိုက်စ် က အင်္ဂလန် လက်ရွေးစင် ဖြစ်ပြီး တကယ်လည်း ကောင်းတဲ့ ကစားသမားပါ ။ ဒါပေမယ့် ပေါင်၁၀၅ သန်းကတော့ တကယ် များပါတယ် ၊ မေဆင်မောင့် အတွက် ပေါင် သန်း ၆၀ ပေးရတာက ရိုက်စ် အတွက် ပေါင် ၁၀၅ သန်း ပေးရတာထက် ပိုပီးကောင်းမွန်တဲ့ အပြောင်းအရွှေ့လို့ ဆိုနိုင်ပါတယ် ၊ မောင့် က ဂိုးတွေ ပိုသွင်းပါလိမ့်မယ် ၊ သူတို့ နှစ်ယောက်က ကစားတဲ့ နေရာချင်းတော့ မတူတာကြောင့် နှိုင်းယှဉ်ဖို့တော့ ခက်ခဲပါတယ် ၊ ဒါပေမယ့် မောင့် က တခြား ကစားသမားတွေလိုပဲ အရည်အသွေးရှိ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။