ရိုးမားအသင်း၏ အားကစားဒါရိုက်တာဟောင်းဖြစ်သူ ဝေါ်လ်တာဆာဘက်တီနီက ချယ်လ်ဆီးနှင့် ဆော်ဒီပရိုလိဂ်ကလပ်များမှ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသည့် အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားအား အသင်းတွင် ဆက်နေရန် တိုက်တွန်းပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဒီဘားလားသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလကမှ ဂျူဗင်တပ်စ်အသင်းမှ ရိုးမားအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
ရိုးမားအသင်းနှင့် ချုပ်ဆိုထားသည့် ဒီဘားလား၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

သို့သော် ရိုးမားအသင်းနှင့် ချုပ်ဆိုထားသည့် ဒီဘားလား၏ စာချုပ်တွင် ကစားသမားဘက်က အသင်းပြောင်းရွှေ့လိုပါက ရိုးမားအသင်းအနေဖြင့် ယူရို (၁၂)သန်းဖြင့် ပြောင်းရွှေ့ခွင့်ပေးရမည်ဆိုသည့်အချက် ပါဝင်နေကြောင်း သိရှိရသည်။ လက်ရှိတွင် နာမည်ကျော်ဘောလုံးသမားများကို ခေါ်ယူနေသည့် ဆော်ဒီပရိုလိဂ်မှ ကလပ်အသင်းများက ဒီဘားလားအား ခေါ်ယူရန် မြောက်မြားသည့်လစာငွေများဖြင့် ကမ်းလှမ်းမှုများရှိနေကြောင်း သိရှိရသည်။
ထို့ပြင် ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်း၏ နည်းပြသစ် ပိုချက်တီနိုသည် သူနှင့်တစ်နိုင်ငံတည်းသား ဒီဘားလားအား ခေါ်ယူပေးရန် အသင်းကို တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ထို့ကြောင့် ရိုးမားအသင်း ပရိသတ်များသည် အသင်းမှ ဒီဘားလား ထွက်ခွာသွားမည်ကို စိုးရိမ်နေကြပြီး ယခုအခါ ရိုးမားအားကစားဒါရိုက်တာဟောင်း ဆာဘက်တီနီက ဒီဘားလားကို အသင်းတွင် ဆက်နေရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ”ကျွန်တော့်အနေနဲ့ ရိုးမားအသင်းမှာ ဒီဘားလား ဆက်နေမယ်လို့ ယုံကြည်ပါတယ်။ သူက စဉ်းစားတွေးခေါ်တတ်တဲ့ လူငယ်တစ်ဦးဖြစ်ပါ။ ဒီဘားလားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့အနေနဲ့ အဲဒီဒဏ်ရာပြဿနာတွေကို ဖြေရှင်းပြီး ခန္ဓာကို်ယ်ကြံ့ခိုင်မှု ပြည့်ဝအောင် တည်ဆောက်ဖို့ဆိုရင် ရိုးမားအသင်းမှာ အနည်းဆုံး တစ်နှစ်လောက်တော့ ဆက်နေသင့်ပါတယ်။ ပြီးတော့ ရိုးမားအသင်းပရိသတ်တွေက သူ့ကို ဘယ်လောက်ထိ ချစ်ကြတယ်ဆိုတာကို သူ သိပါတယ်။ ရိုးမားအသင်းက ထွက်ခွာသွားရင် သူ မှားမှာပါ”ဟု ဆာဘတ်တီနီက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ဒီဘားလားသည် လက်ရှိ ရိုးမားအသင်းတွင် အကောင်းဆုံးကစားသမားဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဒီဘားလားသည် ပြီးခဲ့သည့်ရာသီက ရိုးမားအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲတွင် (၁၅)ဂိုး သွင်းယူပေးခဲ့သည်။