ရိုးမား အသင်း နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ ဆော်ဒီမှ ယူရိုသန်း ၁၀၀ တန်ကြေး ရှိတဲ့ မက်လောက်ဖွယ် စာချုပ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချပြီး ရောမမြေမှာသာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Corriere Dello Sport က ဖော်ပြလာပါတယ် ။
အသက် ၆၀နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယင်းပေါ်တူဂီလူမျိုး နည်းပြဟာ ရိုးမားကို စတင် ကိုင်တွယ်တဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ယူရိုပါ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့ကာ ၊ ထိုပြိုင်ပွဲရဲ့ ပထမဆုံး ဗိုလ်စွဲတဲ့ နည်းပြ အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မော်ရင်ဟိုဟာ ရိုးမားကို ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့ပြီး ၊ ရှေ့ဆင့်နောက်ဆင့် မတူညီတဲ့ ဥရောပ ဖလား ၂လုံး ဆက်တိုက် ဆွတ်ခူးဖို့ လက်တကမ်း အလိုကို ရောက်ခဲ့ပေမယ့် ၊ ယူရိုပါလိဂ်ဘုရင် ဆီဗီးလားကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရှုံးပေးခဲ့ရပါတယ် ။
ရာသီပိတ် နောက်ဆုံးပွဲမှာလည်း မော်ရင်ဟိုဟာ သူ ရိုးမားမှာပဲ ဆက်နေမယ့် အကြောင်း လက်ညှိုး အမူအရာ ပြသခဲ့ပါသေးတယ် ။ အခုလို ဆော်ဒီမှ မော်ရင်ဟိုထံ ကမ်းလှမ်းမှု မပြုလုပ်မီ ပီအက်စ်ဂျီကလည်း ၄င်းကို နည်းပြသစ် ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့ဖူးပါတယ် ။

ကြားရတဲ့ သတင်းတွေ အရတော့ ချဲလ်ဆီးကနေ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ဂိုးသမား အက်ဒွာ့ဒ် မန်ဒီကို ခေါ်ယူထားပြီး ဖြစ်တဲ့ အယ်အာလီ အသင်းဟာ မော်ရင်ဟိုကို တနှစ် လုပ်ခလစာ ယူရို ၃၂သန်းတန် ၃နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ သိရပါတယ် ။
မော်ရင်ဟိုဟာ ထိုကမ်းလှမ်းမှုကို ခပ်မြန်မြန်နဲ့ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆိုသွားခဲ့ပြီး ၊ ရိုးမား အတွက် လာမယ့် ဘောလုံးရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာ ရယူပေးဖို့ ကြိုးစားသွားဖို့ ရှိပါတယ် ။






