ချဲလ်ဆီး အသင်းဟာ ယနေ့မှာပဲ အသက် ၂၉နှစ် အရွယ် ၊ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကို ပရီးမီးယားလိဂ် ၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ် ချန်ပီယံ မန်စီးတီး အသင်းသို့ ပေါင် ၂၅သန်း ( အပိုဆုကြေး ပေါင် ၅သန်း ) နဲ့ ထုတ်ရောင်းဖို့ သဘောတူညီမှု ရလိုက်ပါတယ် ။
ဒါ့အပြင် ချဲလ်ဆီးဟာ ဂျာမန် လက်ရွေးစင် နောက်ချန် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကိုလည်း မြို့ခံပြိုင်ဖက် အာဆင်နယ်သို့ ပေါင် ၆၅သန်းဝန်းကျင်နဲ့ ရောင်းချဖို့ သဘောတူညီလုနီးနီး အနေအထားကို ရောက်နေတာကြောင့် ဒီ၂ဦးတည်းနဲ့တင် ခြင်္သေ့ပြာတို့ ပေါင်သန်း ၁၀၀နဲ့ နီးနီး ပြန်ရှာနိုင်တော့မှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အတွက် နောက်ဆုံး ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးခဲ့တဲ့ ကန်တေ – ဂျော်ဂျင်ဟို – ကိုဗာဆစ် ကွင်းလယ် အတွဲကို ၆လ အတွင်း လက်လွှတ် ဆုံးရှုံးလိုက်ရတာ ဖြစ်ပေမယ့် ၊ လာမယ့် ဘောလုံးရာသီမှာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ အသွင်သစ် ၊ သွေးသစ် ကွင်းလယ်စုဖွဲ့မှုကို မြင်တွေ့ရဖို့ ရှိပါတယ် ။
ကန်တေ ၊ ကိုဗာဆစ် ၊ ဟာဗက်ဇ်တို့ပြီးနောက် ဆော်ဒီကလပ်တွေနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ကိုယ်စီ ရထားပြီး ပြောင်းရွှေ့ကြေး အတွက်လည်း နှုတ်အားဖြင့် သဘောတူညီမှု ရသွားပြီ ဖြစ်တဲ့ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ဂိုးသမား အက်ဒွာ့ဒ် မန်ဒီ ၊ ဝါရင့် နောက်ခံလူ ကာလီဒူ ကူလီဘာလီနဲ့ မော်ရိုကို လက်ရွေးစင် ဝါရင့် တောင်ပံကစားသမား ဟာကင် ဇီယက်ခ်ျတို့ဟာလည်း ဇွန်လအတွင်း အသီးသီး အသင်းပြောင်းကြတော့မှာ ဖြစ်ပါတယ် ။
The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောရဲ့ အဆိုအရ ခြင်္သေ့ပြာတို့ဟာ အသက် ၃၂နှစ် အရွယ်ရှိ ကူလီဘာလီ အတွက် ပေါင် ၁၇သန်းနဲ့ အသက် ၃၀နှစ် အရွယ်ရှိ ဇီယက်ခ်ျ အတွက် ပေါင် ၈သန်း ရနိုင်ကြောင်း သိရပါတယ် ။

ဒီကစားသမား စုစုပေါင်း ထုတ်ရောင်းလို့ ရမယ့် ငွေအားလုံး တွက်လိုက်မယ်ဆိုရင် အနိမ့်ဆုံး ပေါင်သန်း ၁၁၀ကျော်နိုင်တာကြောင့် ချဲလ်ဆီးတို့ ကစားသမားသစ် ဖြည့်တင်းဖို့ အတွက်ရော ၊ ဥရောပနဲ့ ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းတွေကို လိုက်နာဖို့ အတွက်ပါ တချက်ခုပ် ၂ချက်ပြတ် ပြီးစီးသွားမှာ ဖြစ်ပါတယ် ။
ဒါ့အပြင် အကယ်ဒမီ အင်္ဂလန် ကွင်းလယ်လူ မေဆင်မောင့်ကို ထုတ်ရောင်းဖို့ ကိစ္စ အတွက်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆက်လက် ဆွေးနွေးမှု လုပ်နေသလို ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ခရစ်တီယန် ပူလီဆစ်တို့လို အနာဂတ် မရေရာနေတဲ့ ကစားသမား အချို့လည်း ထပ်ထွက်နိုင်သေးတာကြောင့် ဒီစျေးကွက် အတွင်း ပေါင်သန်း ၂၀၀လောက် အကြမ်းဖျင်း ရှာနိုင်ခြေ ရှိနေပါတယ် ။
ယနေ့မနက်ကပဲ ဆော်ဒီကလပ် ၂သင်းထံမှ ချဉ်းကပ်မှု ရထားတဲ့ အကယ်ဒမီ လူငယ် တောင်ပံကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းရဲ့ အေးဂျင့်တွေဟာ လာမယ့် ဘောလုံးရာသီ မတိုင်မီ အနာဂတ် ကိစ္စ အတွက် ချဲလ်ဆီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ ရှိနေပါတယ် ။






