အင်တာမီလန်နှင့် စပါးနည်းပြဟောင်း ကွန်တီက နာပိုလီအသင်းမှ အသင်းနည်းပြ စပယ်လက်တီ ထွက်ခွာသွားသည်ကို မြင်ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။
အသက် (၆၄) နှစ်အရွယ်ရှိ စပယ်လက်တီသည် နာပိုလီအသင်းကို ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စီးရီးအေချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ စပယ်လက်တီအနေဖြင့် နာပိုလီအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း အနားယူလိုသည်ဟုဆိုကာ စာချုပ်ဖျက်သိမ်းရန် တောင်းဆိုခဲ့သဖြင့် နာပိုလီအသင်းက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကွန်တီက စပယ်လက်တီအနေဖြင့် နာပိုလီနှင့်အတူ အောင်မြင်မှု ဆက်ယူသင့်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွန်တီက “နာပိုလီအသင်းနဲ့အတူ ချန်ပီယံဆု ရယူဖို့ဆိုတာ မလွယ်ပါဘူူး။ နာပိုလီပရိသတ်တွေရဲ့ အားပေးမှုဟာ အရမ်းကိုစိတ်အား ထက်သန်လွန်းပြီး ဒါကို အသင်းနည်းပြနဲ့ ကစားသမားတွေလည်း ခံစားနိုင်မယ် ထင်ပါတယ်။ နာပိုလီဟာ တိုက်စစ်ဖွင့်ကစားဟန်နဲ့ ကစားခဲ့ပြီး ခံစစ်မှာ ပြန်လည်စုစည်းတာလည်း အရမ်းမြန်ပြီး အသင်းက တိုက်စစ်၊ ခံစစ်ဟန်ချက်ညီပါတယ်။ အခုလို လမ်းခုလတ်မှာ စပယ်လက်တီ ထွက်သွားတာ နှမြောစရာပါ။ နာပိုလီအသင်းရဲ့တည်ဆောက်မှုက ခိုင်မာနေပြီး စပယ်လက်တီအနေနဲ့ အောင်မြင်မှုတွေ ဆက်ယူခဲ့သင့်တာပါ။ ဒါပေမဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရမှာပါ” ဟု ပြောကြားခဲ့သည်။
ကွန်တီသည် မတ်လတွင် စပါး အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ၎င်းအနေဖြင့် နည်း ပြလောကသို့ ပြန်လည်ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဟုလည်း ဆိုခဲ့သည်။






