ပြင်သစ်ကလပ်ပီအက်စ်ဂျီသည် အာဆင်နယ်အသင်းမန်နေဂျာ အာတီတာကို အသင်း၏နည်းပြချုပ်ရာထူးတွင် ခန့်အပ်နိုင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်နေကြောင်း ပြင်သစ်မီဒီယာများက သတင်းဖော်ပြသည်။ အာတီတာသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်တွင် အာဆင်နယ်ကို ဒုတိယနေရာရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံဆုအတွက်လည်း မန်စီးတီးနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့သည်။

စပိန်လူမျိုး မန်နေဂျာ အာတီတာသည် အာဆင်နယ်နှင့် ၂၀၂၄ နွေရာသီအထိစာချုပ်သက်တမ်းရှိသည်။ သို့ရာတွင် ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာကမ်ပို့စ်နှင့် အာတီတာသည် ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ပီအက်စ်ဂျီသည် နည်းပြချုုပ်ဂေါ်လ်တီယာနှင့် လမ်းခွဲပြီးနောက်တွင် ၅ နှစ်အတွင် လေးယောက်မြောက်နည်းပြချုပ်ကို ခန့်အပ်ရန် ရှာဖွေနေခြင်း ဖြစ်သည်။

ပီအက်စ်ဂျီသည် ဘိုင်ယန်မြူးနစ်အသင်းနည်းပြချုပ်ဟောင်း နာဂယ်စ်မန်းနှင့်ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အာတီတာကို ချိန်ရွယ်လာခြင်းဖြစ်သည်။ ပီအက်စ်ဂျီသည် ပေါ်တိုအသင်းနည်းပြချုပ် ဆာဂျီယိုကွန်စီဆာအိုကိုလည်း ချိန်ရွယ်နေသည်။ သို့ရာတွင် ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်ပို့စ်သည် အာတီတာကို ပြင်သစ်သို့ ခေါ်ယူနိုင်မည်ဟု ယုံကြည်နေပြီးဆွေးနွေးမှုများကို အပြင်းအထန်ပြုလုပ်နေကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။






