မန်ယူအသင်းကို ဝယ်ယူရေးနှင့်ပတ်သက်ပြီး ဗြိတိန်သူဌေးကြီး ဆာဂျင်မီရက်ကလစ်ဖ်နှင့် ကာတာသူဌေး ရှိတ်ဂျက်ဆင်အယ်လ်သာနီတို့က အပြိုင်အဆိုင်ကမ်းလှမ်းနေသည်။ ဗြိတိန်သူဌေးက မန်ယူ၏ ပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကိုသာဝယ်ယူလိုခြင်းဖြစ်ပြီး ကာတာသူဌေးကမူ အလုံးစုံဝယ်ယူလိုခြင်းဖြစ်သည်။ အဆိုပါသူဌေးနှစ်ဦးစလုံးသည် နောက်ဆုံးတစ်ကြိမ်ကမ်းလှမ်းမှုများကို ပြုလုပ်ခဲ့ကြပြီးနောက် အသင်း၏လက်ရှိပိုင်ရှင်ဂလေဇာ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေသည်။ လက်ရှိအခြေအနေတွင် ကာတာသူဌေး ရှိတ်ဂျက်ဆင်အယ်လ်သာနီသည် အသင်းကို အပိုင်ဝယ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာများမှ သတင်းထွက်ပေါ်လာသည်။

ကာတာသတင်းစာအယ်လ်ဝါတန်က ကာတာသူဌေးရှိတ်ဂျက်ဆင်အယ်လ်သာနီ၏ မန်ယူအသင်းကို ဝယ်ယူရေးကမ်းလှမ်းမှုသည် အောင်မြင်သွားပြီဖြစ်ကြောင်း မကြာမီတွင် အဆိုပါသတင်းကို တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ကိုးကားပြီး ဗြိတိန်သတင်းစာ မိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။ ကာတာသတင်းစာက ထိုသတင်းကို မနေ့ည တနင်္လာနေ့ညက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကာတာသူဌေးရှိတ်ဂျက်ဆင်အယ်လ်သာနီသည် မန်ယူကို ရာနှုန်းပြည့်ဝယ်ယူရေးအတွက် ပေါင် ၅ ဘီလီယံခန့်ဖြင့် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။






