ချဲလ်ဆီး အသင်းဟာ ယနေ့ည ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေသေးတဲ့ ဘုန်းမောက် အသင်းကို Vitality ဘောလုံးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ဒီပွဲဟာ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေကြတဲ့ ၂သင်း ဖြစ်တာမို့ six pointer လို့ သတ်မှတ်နိုင်ပါတယ် ။
တန်းဆင်းဇုန် တိုက်ပွဲဝင်နေကြတဲ့ အသင်းတွေထဲမှာ ဘုန်းမောက်ဟာ form အကောင်းဆုံး အသင်းလို့ သတ်မှတ်ရနိုင်ပြီး ၊ နောက်ဆုံး ၅ပွဲမှာ တန်းဆင်းဇုန်နားက အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရာ ဝက်စ်ဟမ်းကို ဂိုးပြတ် ရှုံ့းခဲ့တာကလွဲရင် ကျန်တဲ့ ၄ပွဲကို အနိုင်ရပြီး တန်းဆင်းဇုန်နဲ့ အတော် အလှမ်းဝေးလာပါတယ် ။
ချဲလ်ဆီးကတော့ တန်းဆင်းဇုန် အန္တရာယ် ရှိနေသေးတဲ့ အသင်းတွေ အနက် form အဆိုးဆုံး ဖြစ်နေပြီး ၊ နောက်ဆုံး ၅ပွဲမှာ တမှတ်သာ ရထားပြီး ၂ဂိုးသာ သွင်းနိုင်ခဲ့ကာ ၊ ၄င်းတို့ရဲ့ ပရိသတ်တွေ ကိုယ်တိုင်ကတောင် ယနေ့ည ပွဲကနေ အမြင့်ဆုံး သရေသာ ရယူနိုင်ဖို့ ခန့်မှန်းနေကြပါတယ် ။

ရမှတ်တူ ဂိုးကွာခြားချက်ကြောင့်သာ ချဲလ်ဆီးဟာ အဆင့် ၁၂ နေရာကို ရောက်နေတာ ဖြစ်ပြီး ၊ ယနေ့ညပွဲကိုသာ ထပ်ရှုံးခဲ့ရင် ပရိသတ်တွေ အတွက် ပိုပြီး ရင်လေးရဖို့ပဲ ရှိပါလိမ့်မယ် ။ ဒီပွဲဟာ ၄င်းတို့ရဲ့ လက်ကျန် ၅ပွဲမှာ ဒုတိယ အလွယ်ဆုံးပွဲ ဖြစ်နေတာကြောင့် ချဲလ်ဆီး အနေနဲ့ ဒီပွဲကနေ တခုခု လုပ်ပြနိုင်ဖို့တော့ လိုပါလိမ့်မယ် ။
ပုံမှန်ဆို ချဲလ်ဆီးဖက်က အမြဲလိုလို ခန့်မှန်းတတ်တဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတောင် ယနေ့ညပွဲမှာ ခြင်္သေ့ပြာတို့ ဆိုးရွားတဲ့ မှတ်တမ်းဆိုးကို ဆက်လက် သယ်ဆောင်သွားဦးမှာ ဖြစ်ကြောင်း Sportskeeda နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ခန့်မှန်းသုံးသပ်သွားပါတယ် ။

မာဆင် က ” ခင်ဗျားတို့ သိကြလား ? ဒါက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ကျွန်တော်တော့ ဒီပွဲကို ချဲလ်ဆီး နိုင်မယ်လို့ မမြင်ပါဘူး ။ ဒီစကားကို ပြောမလို့ ကျွန်တော် ကိုယ်တိုင် မယုံနိုင်ဖြစ်မိပေမယ့် ၊ ခင်ဗျား အခု ချဲလ်ဆီးကို ဘယ်လိုလုပ်ပြီး ရွေးနိုင်မှာလဲ ? ”
” ဘုန်းမောက်သာ ဒီပွဲကို နိုင်ရင် ချဲလ်ဆီးကို ကျော်တက်မှာပါ ။ ချဲလ်ဆီးမှာ ဖြစ်ပျက်နေတာတွေက သာမန်ထက် လွန်ကဲလွန်းပြီး ၊ ကျွန်တော် ကိုယ်တိုင်လည်း ဘဝမှာ ဒါမျိုး တခါမှ မမြင်တွေ့ဖူးပါဘူး ။ အခု လက်ရှိ ချဲလ်ဆီး ပတ်ဝန်းကျင်က ဖရန့် လမ်းပတ် အတွက် မကောင်းပါဘူး ။ ”

” နောက်ပြီး လက်ရှိ ချဲလ်ဆီး အခြေအနေက သူ့ရဲ့ ရှေ့လျှောက် နည်းပြ ဘဝ လမ်းကြောင်းမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လူတွေက ယူဆနေကြပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးက ပြဿနာတွေဟာ လမ်းပတ် တယောက်တည်းကြောင့် မဟုတ်ဘူး ဆိုတာ လူတွေလည်း သိကြပါတယ် ။ ”

” ချဲလ်ဆီးမှာ တခြားသော အမြစ်တွယ်နေတဲ့ ပြဿနာတွေ ရှိနေပါသေးတယ် ။ ဒီတော့ လမ်းပတ်သာ သူ့ရဲ့ ပုတ်ပွနေတဲ့ ယာယီ ချဲလ်ဆီး နည်းပြ ရာထူး တစခန်းရပ်သွားတာနဲ့ ကျန်တဲ့အချိန်တွေဟာ သူ့ကို လာကမ်းလှမ်းမှုတွေ အပေါ်မှာသာ မူတည်ပါတော့မယ် ။ ဒီပွဲမှာတော့ ဘုန်းမောက်က ၂ – ၁ နဲ့ နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






