မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက်ဂွာဒီယိုလာ ကတော့ အာဆင်နယ် အသင်း ဒီရာသီမှာ ချန်ပီယံဆုနဲ့ ဝေးကွာ ခဲ့ရင်တောင် ကျရှုံးတဲ့ ဘောလုံး ရာသီတစ်ခုလို့ မဆိုနိုင်ကြောင်း ပြောကြား လိုက်ပါတယ် ။ ဂွာဒီယိုလာ က အာဆင်နယ် အသင်း ၇ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ခွင့် ပြန်ရတာနဲ့ တင် အောင်မြင်တဲ့ဘောလုံးရာသီ တစ်ခု အဖြစ် သတ်မှတ်နိုင်ကြောင်း ပြောကြား သွားခဲ့တာပါ ။

ပြီးခဲ့တဲ့ တစ်ပတ်မှာ အာဆင်နယ် အသင်းကို ၄ -၁ နဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် မန်ချက်စတာ စီးတီး အသင်းဟာ ပရီးမီးယားလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့ပါတယ် ။ မန်စီးတီး အသင်းဟာ ဒီတစ်ပတ်မှာသာ ဖူလ်ဟမ် အသင်း ကို အနိုင်ရပါက အမှတ်ပေး ဇယား ထိပ်ဆုံး နေရာကို ပြန်လည် တက်လှမ်း နိုင်မှာ ဖြစ်ပါတယ် ။
အာဆင်နယ် အသင်းဟာ ဒီရာသီ မှာ မန်စီးတီး အသင်းကို ၈ မှတ် အထိ ဖြတ်ထားပီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေရာကနေ နောက်ဆုံး ၄ ပွဲဆက်တိုက် အမှတ်လျှော့ပြီး ကိုယ့်ဆီမှာ ရှိနေတဲ့ ချန်ပီယံ အခွင့်အရေး ကို မန်စီးတီး အသင်းထံ လွှဲပြောင်း ပေးလိုက်ရတာပါ ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ လီဗာပူး ၊ ဝက်စ်ဟမ်း ၊ ဆောက်သမ်တန် တို့ကို ဆက်တိုက် သရေကျပြီး မန်စီးတီး ကို ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့ရင်တောင် အာဆင်နယ် အသင်း ဝမ်းသာသင့်တယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။ ဂွာဒီယိုလာ က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရမှတ် တစ်မှတ်သာ လိုတော့တဲ့ အတွက် အောင်ပွဲခံဖို့ အဆင်သင့် ဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ဗျာ ၊ အာဆင်နယ် ကို မေးကြည့်ပါ ၊ သူတို့က ချန်ပီယံလိဂ် ဝင်ခွင့်တောင် ရနေပြီလေ ။ ”
” ခြောက်နှစ် ၇ နှစ်ကြာ ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့ အလှမ်းဝေးနေခဲ့ရာကနေ ဝင်ခွင့်ပြန်ရတာက သူတို့ အတွက် ဘယ်လောက် အထိ အဓိပ္ပါယ် ရှိသလဲ အာဆင်နယ် ပိုင်ရှင်တွေကို မေးကြည့်ကြmည့်ပါ ။ လာမယ့်ရာသီမှာ အာဆင်နယ် အသင်းက ဥရောပက အကောင်းဆုံး အသင်းတွေ ယှဉ်ပြိုင် ကစားတဲ့ ပြိုင်ပွဲ ကစားရမှာပါ ၊ ဒါက သူတို့အတွက် အောင်မြင်မှု ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။