မနေ့ညက ကစားသည့်ပွဲတွင် ပရီးမီးယားလိဂ် ထိပ်ဆုံးမှ ဦးဆောင်နေသော အာဆင်နယ်သည် ဘရန့်ဖို့ကို အိမ်ကွင်းတွင် တစ်ဂိုးစီသရေကျပြီး သရေတစ်မှတ်ဖြင့်ကျေနပ်ခဲ့ရသည်။ ထိုပွဲတွင် ပွဲချိန် ၆၆ မိနစ်တွင် ဆာကာက ပေးပို့သော ဘောလုံးကို ထရောဆတ်ကန်သွင်းပြီး ၎င်းအတွက် အာဆင်နယ် ကစားသမားဘဝ ပထမဦးဆုံးသွင်းဂိုးကို သွင်းယူလိုက်နိုင်သည်။

ပွဲချိန်် ၇၄ မိနစ်တွင် နော်ဂတ်ကပေးပို့သော ဘောလုံးကို တိုနီက သွင်းယူပြီး ဘရန့်ဖို့တို့ ချေပဂိုး ရရှိခဲ့သည်။ ထိုဂိုးသည် လူကျွံသည်ဟု အာဆင်နယ်မန်နေဂျာ အာတီတာအပါအဝင် အချို့က ယူဆခဲ့ကြသော်လည်း ကွင်းလယ်ဒိုင်က ဗီအေအာ အဆုံးအဖြတ်ဖြင့် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အငြင်းပွားစရာဖြစ်ခဲ့ရသည်။ ဗီအေအာ ဒိုင် လီမေဆင်သည် ထိုဂိုးကို ဗီအေအာအဆုံးအဖြတ် ခံယူရာတွင် လူကျွံဘောလိုင်းကို ဆွဲပြရန် မေ့လျော့ခဲ့ကြောင်း ထိုသို့ဆွဲပြပါက အဆုံးအဖြတ်သည် အပြောင်းအလဲဖြစ်သွားနိုင်ကြောင်း ယခုပွဲတွင် အမှတ်လျော့သွားခြင်းသည် အာဆင်နယ်၏ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက် များစွာအကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

နော်ဂတ်သည် တိုနီဂိုးသွင်းရန်အတွက်ဘောလုံးကို ပေးပို့ချိန်တွင် လူကျွံနေကြောင်း ဗီအေအာတွင် မျဉ်းဆွဲကြည့်ပါက အဆိုပါလူကျွံမှုသည် ထင်ရှားသွားမည်ဖြစ်ကြောင်း မီဒီယာများက ဆက်လက်ဖော်ပြသည်။
ဘရန့်ဖို့ကို အနိုင်ရခဲ့ပါက အာဆင်နယ်သည် ၈ မှတ်အသာဖြင့် ဒုတိယနေရာမှ မန်စီးတီးကို ဦးဆောင်နိုင်မည်ဖြစ်သည်။ ယနေ့ပွဲတွင်သရေကျသွားသဖြင့် အာဆင်နယ်သည် လက်ရှိ အချိန်တွင် မန်စီးတီးထက် ၆ မှတ်သာ အသာရတော့သည်။ မန်စီးတီးသည် ယနေ့ညကစားမည့် ဗီလာနှင့် အိမ်ကွင်းပွဲစဉ်တွင် အနိုင်ရပြီး လာမည့်ဗုဒ္ဓဟူးနေ့ အာဆင်နယ်နှင့်ကစားမည့်ပွဲတွင်လည်း အနိုင်ကစားနိုင်ခဲ့ပါက အာဆင်နယ်၏ ပရီးမီးယားလိဂ်ကို ထိပ်ဆုံးမှ ဦးဆောင်နေမှုသည် အဆုံးသတ်သွားဖွယ်ရှိသည်။
အာတီတာက ထိုဂိုးကို ပြန်ကြည့်လိုက်သောအခါတွင် လူကျွံနေသည်ကို မြင်ခဲ့ရကြောင်း မည်သည့်အတွက်ကြောင့် လူကျွံဘောမဖြစ်သည်ကို မရှင်းပြသေးကြောင်း ဒီတစ်ပတ်မကုန်မီ ရှင်းပြခံရမည်ဟု ယုံကြည်ကြောင်းစိတ်ပျက်စရာကောင်းကြောင်း ပွဲအပြီးတွင် ပြောဆိုလိုက်သည်။အာဆင်နယ်အသင်း ခြေချော်ခဲ့သော်လည်း အသင်းသားများကို အာတီတာက ချီးမွမ်းခဲ့သည်။ “မာကျောစွာခြေစွမ်းပြသွားတယ်လို့ အာဆင်နယ်ကစားသမာတွေရဲ့ခြေစွမ်းကို ပြောရမှာပါ။ ရလဒ်က စိတ်ပျက်စရာကောင်းပေမယ့် ဒါကပရီးမီးယားလိဂ်ဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတွေက အနိုင်ပွဲကို လိုချင်ပြီးသူတို့ရဲ့ကြိုးစားမှုကိုတော့ ချီးမွမ်းရမယ်။ အမှတ်နှစ်မှတ်လျော့သွားပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကတော့ ကျေနပ်စရာပါ”ဟု အာတီတာက ပြောဆိုလိုက်သည်။






