ဂန်းနား လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဘာလိုဂန် ဟာ မနေ့က ရန်းနက်စ် အသင်း နဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီးနောက် ဒီရာသီ ပြင်သစ် လီဂူး ၁ သွင်းဂိုး ၁၀ ဂိုး ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဘာလိုဂန် ဟာ ညာခြေ ကန်ချက် နဲ့ တစ်ဂိုး ၊ ခေါင်းတိုက်ချက် နဲ့ တစ်ဂိုး သွင်းယူ ခဲ့တာပါ ။

အာဆင်နယ် အသင်း ရဲ့ Hale End အကယ်ဒမီ ကနေ ထွက်ပေါ် လာတဲ့ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူး ဘာလိုဂန် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပြင်သစ် လီဂူး ၁ ကလပ် ရိန်းစ် အသင်းကို တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။
အင်္ဂလန် ယူ၂၁ လက်ရွေးစင် ဘာလိုဂန် ဟာ ပြင်သစ် မြေမှာ ကောင်းမွန်တဲ့ ဂိုးသွင်း စွမ်းရည်ကို ပြသ ထားနိုင်ပြီး ၁၆ ပွဲ ကစားရာမှာ ၁၀ ဂိုး သွင်း ၂ ဂိုး ဖန်တီးကာ လီဂူး ၁ ရဲ့ ဩဂုတ်လ တစ်လတာ အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ရရှိ ခဲ့ပါတယ် ။
ဘာလိုဂန် ဟာ ပြင်သစ် လီဂူး ၁ မှာ ပီအက်စ်ဂျီ အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဘာပေး နဲ့ နေမာတို့ ပြီးရင် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မော်ဖီ ၊ လာကာဇက် တို့ နဲ့ အတူ ပူးတွဲ ရပ်တည်လို့နေပါတယ် ။ ဘာလိုဂန် ရဲ့ သွင်းဂိုး ၁၀ ဂိုး မှာ ၃ ဂိုးကတော့ ပင်နယ်တီ သွင်းဂိုးတွေ ဖြစ်ပါတယ် ။ ဘာလိုဂန် ဟာ ရိန်းစ် အသင်း ရထားတဲ့ စုစုပေါင်း သွင်းဂိုး ၅၃% ကို သွင်းပေးထားတာ ဖြစ်ပြီး ပျှမ်းမျှ ၁၁၆ မိနစ်ကို ၁ ဂိုး နှုန်း သွင်းထားနိုင်ပါတယ် ။

၂၀၂၀-၂၁ ခုနှစ်မှာ အာဆင်နယ် အသင်း အတွက် ပထမဦးဆုံး ပွဲဦးထွက် ကစားခွင့် ရရှိ ခဲ့တဲ့ ဘာလိုဂန် ဟာ အငှား ထွက်မကစားခင်အထိ ဂန်းနား တို့အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားခွင့် ရခဲ့ပါတယ် ။ ဘာလိုဂန် အနေနဲ့ ရိမ်းစ် အသင်းမှာသာ ခုလို ဆက်လက် ခြေစွမ်း ပြနိုင်ပါက အာဆင်နယ် အသင်းကြီးမှာ ပုံမှန် ပါဝင်ခွင့် ရလာဖို့ ရှိနေပါတယ် ။
ဂန်းနား ဂန္တဝင် အွန်နရီ ကလည်း ဘာလိုဂန် ရဲ့ သတ္တိနှင့်ခြေစွမ်း ကို သဘောကျကြောင်းကို Amazon Prime Video Sports France မှာ ” ကျွန်တော် သူ့(ဘာလိုဂန်) အတွက် သိပ်ကို ဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ယေဘုယျအားဖြင့် အင်္ဂလိပ် ကစားသမားတွေက ပြည်ပ ထွက်မကစားကြပါဘူး ။ ”

” ပုံမှန် အားဖြင့် ကစားသမားတွေက တခြား ပရီးမီးယားလိဂ် အသင်းတွေ နဲ့ ချန်ပီယံရှစ် အသင်းတွေကိုပဲ အငှား ထွက်ကစားလေ့ ရှိပါတယ် ။ သူက ပြိုင်ဘက် ခံစစ်တန်းဆီ ပြေးလွှား ကစားရတာ ကြိုက်နှစ်သက်တဲ့ အင်္ဂလိပ် ကစားဟန် နဲ့ ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် သူ့မှာ ကင်းမဲ့နေခဲ့တာက အဆုံးသတ် စွမ်းရည်ပါပဲ ။ ”
” အခုတော့ သူ ဂိုးတွေ ပုံမှန် ပြန်သွင်းနေပါပြီ ၊ သူ ပြည်ပမှာ ထွက်ကစားတဲ့ အပေါ် ဝမ်းသာ ပျော်ရွှင်မိပါတယ် ၊ လန်ဒန်သားတွေ အများစုက လန်ဒန် ကနေ ထွက်ခွာဖို့ အတော်လေး ရုန်းကန် ကြိုးစား ရပါတယ် ၊ သူ ပြင်သစ်ကို သွားကစားမယ်လို့ ကြားတော့ သူ့မှာ တခြားသူတွေနဲ့ မတူတဲ့ စိတ်နေစိတ်ထား ရှိတယ်လို့ တွေးမိခဲ့ပါတယ် ။ ” လို့ ပြောကြား ချီးကျူး ခဲ့ပါတယ် ။






