မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုးက နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းအနေဖြင့် ဂိုးသွင်းစံချိန်အားလုံးကို ချိုးဖျက်နိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ကစားသမားဘဝမှ အနားယူခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွဲရိုးသည် မန်စီးတီးအသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၁၀) ရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ (၃၉၀) တွင် ဂိုး (၂၆၀) သွင်းယူခဲ့သည်။
ပြီးခဲ့သည့်နွေရာသီကမှ ဒေါ့့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာသည့် ဟော်လန်းသည် ခြေစွမ်းပြဂိုးများသွင်းယူနေပြီး ပရီးမီးယားလိဂ် (၁၄) ပွဲတွင် ဂိုး (၂၀)၊ ပြိုင်ပွဲစုံ ပွဲ (၂၀) တွင် (၂၆)ဂိုး သွင်းယူထားသည်။

အဂွဲရိုးက ”အခုပုံစံအတိုင်းသာ သူ ဂိုးသွင်းပြီး မန်စီးတီးအသင်းမှာ ဆက်နေမယ်ဆိုရင် ဂိုးသွင်းစံချိန်အားလုံးကို သူ ချိုးဖျက်နိုင်စွမ်းရှိနေပါတယ်။ အခု ပရီးမီးယားလိဂ်မှာ သူ့ရဲ့သွင်းဂိုးက ဂိုး (၂၀) အထိ ရှိသွားပါပြီ။ ပြိုင်ပွဲသမိုင်းမှာ တစ်ရာသီဂိုးအများဆုံးစံချိန် (၃၄) ဂိုးပါ။ ဟော်လန်းအနေနဲ့ အဲဒီစံချိန်ကို ချိုးဖျက်နိုင်မှာ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။






